လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ(၃၃)ချက်မှာ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်ကိစ္စပါဝင်သလို ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စနဲ့ မြန်မာနိုင်ငံက ဆန်တင်ပို့ရေးကိစ္စတွေပါဝင်ပါခဲ့ပါတယ်။
တရုတ်သမ္မတ ရှိကျင့်ဖျင်မြန်မာနိုင်ငံခရီးစဉ်တွင်းမှာ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ အချက်(၃၃)ချက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့သိရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဒီကနေ့ ဇန်နဝါရီလ(၁၈)ရက်နေ့မှာ နိုင်ငံတော်အတိုင်င်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးနောက် နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
photo-MOI
လက်မှတ်ရေးထိုးခဲ့တဲ့ အချက်(၃၃)ချက်ထဲမှာ မြန်မာနိုင်ငံကနေ ဆန်ကို တရုတ်နိုင်ငံကို တင်ပို့ဖို့ စစ်ဆေးတာနဲ့ ပိုးမွှားကင်းစင်ဖို့ သဘောတူစာချုပ်၊ တရုတ်ကိုတင်ပို့မယ့် ကျွဲ၊ နွားတွေအတွက် ထိန်းသိမ်းစောင့်ကြည့်ဖို့နဲ့ ကျန်းမာရေးလိုအပ်ချက်ဆိုင်ရာသဘောတူစာချုပ်တွေပါဝင်ပါတယ်။ဒါ့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နဲ့ အစုရှယ်ယာတွေနဲ့ သက်ဆိုင်တဲ့ သဘောတူစာချုပ် ၊ ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ်စာလွှာနဲ့ တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွေပါဝင်တယ်လို့သိရပါတယ်။
photo-MOI
အခုလက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူစာချုပ်တွေကိုတော့ တရုတ်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရှေ့မှာ နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးတွေက လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် (၂)ရက်လာရောက်တာဖြစ်ပါတယ်။ ဇန်နဝါရီလ(၁၇)ရက်နေ့ကနေပြည်တော်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ့ပတ်သက်လို့ သဘောတူမှုနားလည်မှုစာချွန်လွှာတွေမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုတော့ ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံအကြီးအကဲတွေနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြပါတယ်။