Photo - The Online Citizen
အိုင်တီကျွမ်းကျင်သူဖြစ်တဲ့ စင်ကာပူအမျိုးသားTay Wee Kiat နဲ့ သူ့ရဲ့ဇနီးတို့ဟာ မြန်မာအိမ်အကူ မမိုးမိုးသန်းကို ညှင်းပန်းနှိပ်စက်ခဲ့ရာမှာ သတ္တုအဝတ်လှန်းချိတ်၊ တံမျက်စည်းတွေနဲ့ ရိုက်တာ ပြန်အန်ထွက်စေတဲ့အထိ အစားကို အတင်းအကျပ် စားခိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာအိမ်အကူ မမိုးမိုးသန်းကို ပြင်းထန်နာကျင်စေသည့် ညှင်းပန်းနှိပ်စက်မှု စွဲချက် ၆ ခုနဲ့ မတ်လ ၁၈ ရက်နေ့မှာ ဒေသဆိုင်ရာ တရားရုံးက စင်ကာပူအမျိုးသားဖြစ်သူကို ထောင်ဒဏ် ၂ နှစ်နဲ့ အမျိုးသမီးဖြစ်သူကို ထောင်ဒဏ် ၃ နှစ်နဲ့ ၁၁ လအပြင် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၄ ထောင် ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ Channel News Asia သတင်းမှာ ဖော်ပြထားပါတယ်။
တရားရုံး ဆုံးဖြတ်ချက်ထဲမှာတော့ အဆိုပါ လင်မယားဟာ အိမ်အကူ မမိုးမိုးသန်းကို တစ်နေ့ကို အိမ်သာ ၃ ကြိမ်ပဲ ဝင်ခွင့်ပြုပြီး CCTV နဲ့ စောင့်ကြည့်တာ တခြားအိမ်ဖော်ကို စောင့်ကြည့်ခိုင်းတာတွေလည်းလုပ်တယ်လို့ ဆိုပါတယ်။
အသက် ၃၁ နှစ်ရှိ မမိုးမိုးသန်းဟာ အဆိုပါစင်ကာပူ အလုပ် ရှင်အိမ်မှာ၂၀၁၂ ဇန်နဝါရီ ၈ ကနေ နိုဝင်ဘာ ၁၂ အထိ ၁၀ လ ကြာ လုပ်ကိုင်ခဲ့ပြီး အကြောင်းပြချက်မရှိဘဲ မြန်မာနိုင်ငံသို့ပြန်လည်စေလွှတ်ခံခဲ့ရတာပါ။ အဲ့ဒီနောက် ၁ လအကြာမှာ မမိုးမိုးသန်းက စင်ကာပူကိုပြန်လာပြီး တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း မြန်မာအိမ်အကူ မဖြူဖြူမာကို ဓာတုပစ္စည်းတွေပါဝင်တဲ့ ကြမ်းတိုက်ဆေးရည်တွေ သောက်ခိုင်းမှု၊ ကိုယ့်ကိုကိုယ် ရေနွေးပူနဲ့ လောင်းခိုင်းမှု အပါအဝင် အခြားနှိပ်စက်မှု ၅ ခုနဲ့ အခြား စင်ကာပူလင်မယားကို ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါသေးတယ်။