အမျိုးသမီးတွေရဲ့ ဓမ္မလာတဲ့ ဖြစ်စဉ်နဲ့ပါတ်သတ်ပြီး အဓိက မှားယွင်းတဲ့ အသိတွေက ရာသီသွေးဆင်းတာက မသန့်တာ၊ ညစ်ပတ်တဲ့ဖြစ်စဉ်ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်တွေမှာ ဒီဖြစ်စဉ်ကို ရှက်ရွံ့စရာကိစ္စလို့ ထင်မြင်နေတာဖြစ်တယ်လို့ အဲ့ဒီကမ်ပိန်းကိုလုပ်မယ့် ပန်းကလေးအဖွဲ့က ပြင်သစ်ယဉ်ကျေးမှုဌာနမှာ မတ်လ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောခဲ့ပါတယ်။
“ဒါက အမျိုးသမီးတွေ ကိုယ်တွင်းသန့်စင်တဲ့ လုပ်ငန်းတစ်ခုပါပဲ။ လူတွေထင်တာက အမျိုးသမီးကိုယ်တွင်းက ညစ်ပတ်တယ်လို့ထင်ကြတယ်။ မသန့်တာ၊ အဆိပ်ရှိတာတွေထုတ်တယ်ထင်နေတာ။ ဆိုတော့ ရာသီလာတာက ညစ်ပတ်တဲ့အရာတွေ စွန့်ထုတ်တယ်ထင်နေကြတာ။ ဒါက အများစုက အဲ့လိုထင်နေကြတာပါ။ ရာသီလာတာက ညစ်ပတ်တာတစ်ခုမှမပါပါဘူး။ အမျိူးသမီးသားအိမ်အတွင်းပိုင်းနံရံတွေက သန္ဓေတည်ဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်မှာ မျိုးအောင်တဲ့ဖြစ်စဉ် မဖြစ်တဲ့အခါ ဒီအတွင်းပိုင်းအလွှာနံရံတွေက ကွာကျလာတယ်။ ဒါနဲ့ ပတ်သတ်ပြီး ရှက်စရာတစ်ခုမှမရှိဘူး” လို့ ပန်းကလေးရဲ့ တည်ထောင်သူဖြစ်တဲ့ Henriette Ceyrac က ပြောပါတယ်။
ဒီလှုံ့ဆော်မှုကို သန္တာလှိုင်၊ အေးမြတ်သူ၊ စောခူဆဲ၊ ယွန်းယွန်း၊ ဟေဇယ်ညီညီထွန်း၊ ဖြိုးသံသာချိုတို့က ပူးပေါင်းပါဝင်သွားမှာပါ။
“လူမှုပတ်ဝန်းကျင်မှာ ရာသီသွေးနဲ့ ပတ်သတ်ပြီး လျှို့ဝှက်ထားတာတွေ အရမ်းများတယ်။ ကျွန်မဆိုရင် ရာသီလာတာကို မီးနီပြတယ်ဆိုပြီး သုံးဖြစ်တာများတယ်။ ပြည်သူတစ်ဝက်လောက်က ကြုံတွေ့နေရတဲ့ကိစ္စမျိုးကို ဆွေးနွေးလို့မရတဲ့အခါ ရှက်နေတာ၊ မကောင်းတဲ့ခံစားမှုမျိုးဖြစ်တာနဲ့ မှားယွင်းတဲ့ အချက်အလက်တွေရနေကြတယ်။ ဖေးမကူညီမှုတွေရဖို့အတွက် ကျွန်မတို့က ဒါကို စံပြပြောဆိုဖို့လိုပါတယ်” လို့ မော်ဒယ်နဲ့ Social Influencer အဖြစ် လုပ်ကိုင်နေတဲ့ မသန္တာလှိုင်ကပြောပါတယ်။
So What ဆိုတဲ့ Facebook page မှာ အမျိုးသမီးတွေနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ မေးမြန်းဆွေးနွေးနိုင်မှာဖြစ်ပြီး သတင်းစကားတွေ၊ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုလည်း မျှဝေဝပးသွားမယ်လို့ သိရပါတယ်။