COVID-19 ကူးစက်မှု ထိန်းချုပ်ဟန့်တားရေး ဆောင်ရွက်မှုအဖြစ် စင်ကာပူကို ဝင်ရောက်လာသူတွေအနက် ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၊ ဂျပန်၊ ဆွစ်ဇာလန် သို့မဟုတ် ဗြိတိန်သို့ သွားရောက်ခဲ့ဖူးသူတွေဟာ ၁၄ ရက်ကြာ အိမ်မှာပဲနေရမယ်လို့ စင်ကာပူအစိုးရက ယနေ့ (မတ်လ ၁၅ ရက်) ထုတ်ပြန်ပါတယ်။
(Photo: Roslan Rahman/AFP)
ယခု ကန့်သတ်ချက်ဟာ စင်ကာပူမှာ အခြေချနေထိုင်သူများ၊ ကာရှည်ကြာနေထိုင်ခွင့်ရရှိထားသူများနဲ့ ခေတ္တအလည်အပတ် လာရောက်သူများ အပါအဝင် ခရီးသွားအားလုံး အကျုံးဝင်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က ယနေ့ ကြေညာပါတယ်။
သို့သော် မလေးရှားနဲ့စင်ကာပူ နှစ်နိုင်ငံကြား ရေလမ်းနဲ့ ကားလမ်းခရီးဖြင့် ကူးသန်းသွားလာကြတဲ့ စင်ကာပူနဲ့မလေးရှားနိုင်ငံသားတွေကတော့ ယခု ကန့်သတ်ချက်မှာ အကျုံးမဝင်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Lawrence Wong က ပြောပါတယ်။ COVID-19 တိုက်ဖျက်ရေးမှာ မလေးရှားနိုင်ငံနဲ့ ပတ်သက်ပြီး သီးခြားအစီအစဥ်များကို နှစ်နိုင်ငံ လုပ်ငန်းအဖွဲ့တွေက လက်တလော ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
(Photo: MediaCorp/CNA)
မလေးရှားနဲ့ ဆက်သွယ်ထားတဲ့ ကုန်းလမ်းခရီး စစ်ဆေးရေးဂိတ်တွေမှာ နေ့စဥ် လူဦးရေ ၃၀၀,၀၀၀ ခန့် ဖြတ်သန်းသွားလာနေကြောင်းလည်း Lawrence Wong က ပြောပါတယ်။ စင်ကာပူအစိုးရက ထုတ်ပြန်လိုက်တဲ့ COVID-19 ကူးစက်မှုထိန်းချုပ်ရေး နောက်ထပ် စီမံဆောင်ရွက်များအနက် မဖြစ်မနေမဟုတ်တဲ့ နိုင်ငံရပ်ခြား ခရီးသွားလာမှု မပြုကြရန်၊ စင်ကာပူကို အလည်အပတ်လာရောက်တဲ့ မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံသားတွေဟာ ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ သတင်းအချက်အလက်တွေကို Singapore Overseas Mission သို့ ပေးရမှာဖြစ်ပါတယ်။
(Infographic: CNA) (Source: Ministry of Health, Singapore)
စင်ကာပူအစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ COVID-19 ထိန်းချုပ်ဟန့်တားရေး စီမံဆောင်ရွက်မှုတွေဟာ မတ်လ ၁၆ ရက် စင်ကာပူဒေသစံတော်ချိန် ညသန်းခေါင် (ည ၁၁ နာရီ ၅၉ မိနစ်) မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ စင်ကာပူမှာ မတ်လ ၁၅ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂၆ ဦး စစ်ဆေးတွေ့ရှိထားပြီး ၉၆ ဦး ပြန်လည်သက်သာခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁၅ ရက် ညပိုင်းအထိ တရားဝင် စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်ခံရသူ ၁၅၆,၆၂၀ ဦးနဲ့ သေဆုံးသူ ၅,၉၄၈ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
Source: CNA, MoHS.gov.sg