ဟက်ကာက အရေးပါတဲ့ ကန့်သတ်အဆင့် အချက်အလက်တွေ ခိုးယူသွားခဲ့ပါတယ်။

ဟက်ကာတစ်ဦးက အမေရိကန် NASA အာကာသအေဂျင်စီရဲ့ ကွန်ပျူတာကွန်ရက်ကို မြန်မာကျပ်ငွေ ငါးသောင်းကျော်မျှသာ တန်ဖိုးရှိပြီး သေးငယ်တဲ့ ကွန်ပျူတာလေးတစ်လုံးသုံးကာ ထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

(Jet Propulstion Laboratory ရှိ ကွန်ပျူတာကွန်ရက်ထိန်းချုပ်ခန်း) (Photo: NASA/AP)

အဆိုပါ ဟက်ကာက Raspberry Pi ကွန်ပျူတာအသေစားလေးကိုသုံးပြီး NASA ရဲ့ Jet Propulstion Laboratory (JPL) ကွန်ပျူတာကွန်ရက်ကို hack လုပ်ခဲ့ကာ အရေးပါတဲ့ ကန့်သတ်အဆင့် အချက်အလက်တွေ ခိုးယူသွားခဲ့ပါတယ်။ ဟက်ကာရဲ့ လက်ချက်ကြောင့် NASA ရဲ့ အာကာသခရီးစဉ်ဆိုင်ရာစနစ် ယာယီပြတ်တောက်ခဲ့ကြောင်း အဆိုပါ အာကာသအေဂျင်စီက ထုတ်ဖော်ပြောခဲ့ပါတယ်။



၂၀၁၈ ခုနှစ် ဧပြီလမှာ hack လုပ်ခံခဲ့ရမှုကို NASA က တစ်နှစ်နီးပါးကြာတဲ့အထိ မသိရှိခဲ့ဘူးလို့ ယခုနှစ် ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အသံဖိုင်အစီရင်ခံစာမှုက ဆိုပါတယ်။ လက်ရှိမှာ NASA က ဟက်ကာကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့သိရပါတယ်။ Raspberry Pi ကွန်ပျူတာဟာ ခရက်ဒစ်ကတ်အရွယ်မျှရှိပြီး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာဖြင့် ရောင်းချနေပါတယ်။

(Raspberry Pi ကွန်ပျူတာ ချိတ်ဆက်အသုံးပြုမှု) (Photo: TechAu)

အဆိုပါ ကွန်ပျူတာအသေးစားလေးကို နေအိမ်သုံး တီဗီတွေမှာတပ်ဆင်ပြီး ကလေးငယ်တွေကို code ရေးသားခြင်း သင်ကြားပေးရန်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကွန်ပျူတာအသုံးပြုမှု မြှင့်တင်ရာမှာ အဓိက အသုံးပြုကြတယ်လို့ သိရပါတယ်။ ကနဦး စစ်ဆေးသိရှိမှုအရ ဟက်ကာက ခန့်မှန်းခြေအားဖြင့် 500MB (500 megabytes) ပမာဏရှိတဲ့ ကွန်ပျူတာဖိုင် ၂၃ ခုကို ရယူသွားနိုင်ခဲ့တယ်လို့ NASA ရဲ့ စုံစမ်းစစ်ဆေးရေးမှူးရုံးက ပြောပါတယ်။

အဆိုပါ ဖိုင်များအနက် Mars Science Laboratory လုပ်ငန်းစဉ်မှ ကန့်သတ်ဖိုင် ၂ ခုလည်း ပါဝင်ခဲ့ပါတယ်။ Mars Science Laboratory က အင်္ဂါဂြိုဟ်ဆင်းယာဉ် Curiosity Rover ရဲ့ ခရီးစဉ်ကို ထိန်းချုပ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် ကာကွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာများ အခြားနိုင်ငံများသို့ပေးပို့မှုကို ကန့်သတ်တဲ့ International Traffic in Arms Regulations ဆိုင်ရာ သတင်းအချက်အလက်တွေကိုလည်း Mars Science Laboratory က ကိုင်တွယ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

(Raspberry Pi ကွန်ပျူတာ) (Photo: Mona Boshnaq/AFP)

"ပိုအရေးကြီးတာက ဟက်ကာဟာ JPL ကွန်ရက်သုံးခုထဲက နှစ်ခုကို အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာပါ၊ တာဝန်ရှိသူတွေ စိုးရိမ်နေတာက JPL ကွန်ရက်တွေကို အသုံးပြုပြီး လူလိုက်ပါတဲ့ အာကာသခရီးစဉ်တွေအပေါ် ဒီ ဆိုက်ဘာတိုက်ခိုက်မှုက သက်ရောက်မမှုရှိနိုင်တာကို ဖြစ်ပါတယ်" လို့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ ပြောထားကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က