RAZR ဖုန်းတွေဟာ တစ်ခေတ်တစ်ခါက ကမ္ဘာ့စမတ်ဖုန်းလောကမှာ နံပါတ်တစ်ဖြစ်ခဲ့ပါတယ်။
Photo: t3.com
၂၀၀၄ ခုနှစ်က Motorola RAZR ဖုန်းတွေကို ၁၅ နှစ်အကြာမှာ display ခေါက်သိမ်းနိုင်တဲ့ foldable phone အဖြစ် တကျော့ပြန်မိတ်ဆက်သွားတော့မယ်လို့ဆိုပါတယ်။ Motorola ရဲ့ မိခင်ကုမ္ပဏီ Lenovo ဟာ Verizon နဲ့ပေါင်းပြီး ဒီဖုန်းကို အမေရိကန်ဈေးကွက်မှာပဲ အလုံးရေ ၂ သိန်းကျော် သီးသန့်ဖြန့်သွားမယ်လို့Wall Street Journal က ဖော်ပြထားပါတယ်။
အခုချိန်ထိတော့ ဒီဖုန်းအကြောင်း အချက်အလက် အတိအကျ မသိရသေးတာကြောင့် screen size ဘယ်လောက် ရှိမယ် ၊ ဘယ်လို features တွေ ပါလာမယ်ဆိုတာ ပြောလို့မရသေးပါဘူး။ ဒီဇိုင်းပိုင်းမှာရော အရင်လို ခေါက်ဖုန်းဒီဇိုင်းကိုပဲ သုံးသွားမလား ဒါမှမဟုတ် ခေတ်ပေါ် foldable ဖုန်းတွေလိုမျိုး display ကို ခေါက်ချိုး သိမ်းထားချိန် ဖုန်းလိုလည်း သုံးနိုင်သလို ဖြန့်ထားချိန်မှာ တက်ဘလက်လိုရော သုံးနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။
လောလောဆယ် ဈေးကွက်မှာ Royole FlexPai ဖုန်းပဲ foldable ဖုန်းအဖြစ် ထွက်ထားတာ ဖြစ်ပြီး Samsung ကလည်း လာမယ့် ဖေဖော်ဝါရီလထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး ဈေးကွက်ဝင် ခေါက်သိမ်းနိုင် စမတ်ဖုန်းကို မိတ်ဆက်သွားမယ်လို့ကြေညာထားပါတယ်။ စမတ်ဖုန်းကုမ္ပဏီတွေအကြားမှာ foldable phone ထုတ်ဖို ဆိုတာ အိပ်မက်တစ်ခုလို ဖြစ်နေပြီး Apple ၊ Huawei နဲ့Sony တို့ကလည်း ခေါက်သိမ်းနိုင်စမတ်ဖုန်းကို ထုတ်ဖို့စိုင်းပြင်နေပါတယ်။
Motorola RAZR အမှတ်တံဆိပ်တွေဟာ စမတ်ဖုန်းခေတ်ဦးကာလ Nokia ၊ BlackBerry တို့နဲ့အတူ ဦးဆောင်ကုမ္ပဏီအဖြစ် ထွက်ခဲ့တာပါ။ RAZR V3 မော်ဒယ်ဆိုရင် အလုံးရေ သန်း ၁၃၀ အထိ ရောင်းချနိုင်ခဲ့တဲ့ brand ဆိုလည်း မမှားပါဘူး။ ၂၀၀၇ ခုနှစ် iPhone စပြီး မိတ်ဆက်ချိန်ဟာ Motorola အပါအဝင် ခေတ်ဦး ဆဲလ်ဖုန်းကုမ္ပဏီတွေ အတွက် နိဌိတံချိန်ဖြစ်ခဲ့ပါတယ်။
ဈေးကွက်မှာ နောက်တစ်ခါပြန်ကြီးစိုးဖို့Motorola ရဲ့ ခြေလှမ်းက ဘယ်လိုလဲ။ အခုချိန်မှာ FlexPai ကို ဒေါ်လာ ၁၃၀၀ နဲ့ရောင်းနေချိန် ၊ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Samsung က Galaxy F ခေါက်သိမ်းနိုင်စမတ်ဖုန်းကို ဒေါ်လာ ၁၈၀၀ နဲ့ရောင်းချဖို့ပြင်နေတဲ့အချိန် Motorola RAZR ကို ဒေါ်လာ ၁၅၀၀ ဈေးနဲ့ရောင်းမယ်ဆိုတာကတော့ ထူးဆန်းနေပါတယ်။