မြန်မာနိုင်ငံရဲ့အကြီးဆုံးအစားအသောက်နှင့်ဟိုတယ်လုပ်ငန်းဆိုင်ရာကုန်သွယ်မှုပြပွဲ ၂၀၁၉ ကျင်းပမယ်

အစားအစာနဲ့ အဖျော်ယမကာ၊ ဟိုတယ်၊ မုန့်ဖုတ်လုပ်ငန်း၊ စားသောက်ဆိုင်နဲ့ အစားအစာဝန်ဆောင်မှုဆိုင်ရာ ကရိယာတွေ၊ ထောက်ကူပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေပါဝင်မယ့် ဆဋ္ဌမအကြိမ်မြောက် အစားအသောက်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုပြပွဲကြီးကို ၂၀၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီပြပွဲကြီးဟာဆိုရင် နိုင်ငံတကာအဆင့်ပြပွဲကြီးဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှင်တွေအနေနဲ့ နောက်ဆုံးပေါ်နည်းလမ်းတွေ၊ အကြံဉာဏ်တွေ၊ အစားအစာနဲ့ အဖျော်ယမကာဆိုင်ရာ နည်းပညာတွေကိုပါ လေ့လာခွင့်ရမှာပဲ ဖြစ်ပါတယ်။



ယင်းပြပွဲကြီးကို မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးလာနေတဲ့ ခရီးသွားလုပ်ငန်းအတွက်ရည်ရွယ်ပြီး ပြပွဲကိုလာရောက်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အဆင့်မြင့်ဝန်ဆောင်မှုတွေအပြင် ရန်ကုန်မြို့လယ်ကနေလာရောက်ဖို့ ပိုမိုလွယ်ကူပြီး လုံလောက်တဲ့ ကားရပ်နားရန်နေရာလည်းရှိတဲ့ Fortune Plaza ၊ Myanmar Expo ခန်းမမှာကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

အစားအသောက်နှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာကုန်သွယ်မှုပြပွဲ (Food & Hotel Myanmar (FHMM)) ကြီးကိုကျင်းပတဲ့ ယခုနှစ်ဆိုရင် ၆ ကြိမ်ရှိပြီဖြစ်ပြီး အစားအသောက်နဲ့ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်တွေ၊ ယင်းလုပ်ငန်းတွေလုပ်ကိုင်ဖို့ စိတ်ပါဝင်စားသူတွေအနေနဲ့ ဒီပြပွဲကြီးကနေတဆင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှ ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံနိုင်မယ့်အခွင့်အရေး၊ နည်းလမ်းသစ်တွေ လေ့လာဆွေးနွေးနိုင်မယ့် အခွင့်အရေး၊ ပူးတွဲကျင်းပမယ့် အခမ်းအနားတွေကနေ အတွေ့အကြုံယူနိုင်ဖို့နဲ့ အမျိုးမျိုးသော ဆွေးနွေးပွဲတွေမှတစ်ဆင့် မိမိတို့ကုမ္ပဏီရဲ့ လုပ်ကိုင်နိုင်စွမ်း ပိုမိုတိုးတက်အောင် မည်သို့ဆောင်ရွက်ရမယ်ဆိုတာကို လေ့လာနိုင်မယ့် အခွင့်အလမ်းတွေရရှိမှာပဲ ဖြစ်ပါတယ်။

ပြပွဲကိုလာရောက်သူတွေအနေနဲ့ ပါဝင်ပြသမယ့် နိုင်ငံတကာကုမ္ပဏီကြီးတွေနဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရမယ့်အပြင် ဆဋ္ဌမအကြိမ်မြောက် မြန်မာဟင်းချက်ပြိုင်ပွဲ၊ FoSTAM Seminar နဲ့ Quiz Bowl 2019 ၊ Sithar Coffee မှ Mr.Luigi Lupi တင်ဆက်မယ့် SCA Coffee Modules တို့ အပါအဝင် ပူးတွဲကျင်းပမယ့် အခြားအခမ်းအနားတွေမှာလည်း ပါဝင်မယ်လို့ သိရပါတယ်။

ယခုပြပွဲကြီးကို UBM Asia (Myanmar) က စီစဉ်ကျင်းပတာဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မြန်မာစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းတို့အပါအဝင် သက်ဆိုင်ရာ နယ်ပယ်မှ အဓိက အဖွဲ့အစည်းကြီးများက ပံ့ပိုးကူညီပေးထားပါတယ်။

ဟိုတယ်နဲ့အစားအသောက်ဆိုင်ရာ လုပ်ငန်းရှင်တွေ၊ စိတ်ပါဝင်စားသူတွေအနေနဲ့ မပျက်မကွက် တက်ရောက်သင့်တဲ့ ဒီပြပွဲကြီးမှာပါဝင်ချင်ပါက www.foodandhotelmyanmar.com ကိုဝင်ရောက်ပြီး အွန်လိုင်းကနေတဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်သလို ပြပွဲကျင်းပမယ့် ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့အတွင်းမှာ ပြပွဲကိုလာရောက်ပြီး တိုက်ရိုက်စာရင်းပေးသွင်းလို့လည်းရကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က