မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ၂၀၁၈ ခုနှစ်မှာ စတင်ကျဆင်းလာခဲ့ပါတယ်။ ဒီလို ခရီးသွားလုပ်ငန်းကျဆင်းလာတာကြောင့် ၂၀၁၈ အောက်တိုဘာလကစတင်ပြီး တရုတ် ၊ ဂျပန် နဲ့ ကိုရီးယားနိုင်ငံက ခရီးသည်တွေကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ဗီဇာကင်းလွတ်ခွင့်ပေးခဲ့တာဖြစ်ပေမယ့် တကယ်တမ်း အုံနဲ့ကျင်းနဲ့ ရောက်ရှိလာတာကတော့ တရုတ်လူမျိုးတို့ရဲ့ Zero Budget Tour ဖြစ်နေပါတော့တယ်။
Zero Budget Tour ဆိုတာကတော့ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ချင်တဲ့ တရုတ်နိုင်ငံသားတွေအတွက် လေယာဉ်လက်မှတ်ခကလွဲ ဘာကုန်ကျစရိတ်မှ မရှိဘူးဆိုတဲ့အကြောင်းပြချက်တဲ့ တရုတ်ခရီးသွားအဖွဲ့တွေကို အုပ်စုလိုက် ခေါ်ချလာတဲ့ Tour မျိုးဖြစ်ပါတယ်။ ခရီးစဉ်မှာ ကုန်ကျစရိတ်မရှိဘူးဆိုပေမယ့် တကယ်တမ်း ပိုက်ဆံသဲ့ယူတဲ့နေရာကတော့ သူတို့သတ်မှတ်ထားတဲ့ ဆိုင်တွေဖြစ်ပါတယ်။ Zero Budget Tour က ခရီးသည်တွေဟာ Tour က သတ်မှတ်ထားတဲ့ ဆိုင်တွေမှာသာ ဝယ်ယူရတာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဟိုတယ်၊ သတ်မှတ်ထားတဲ့ စားသောက်ဆိုင်တွေမှာ စားသောက်ကြတာပါ။
သတ်မှတ်ထားတဲ့ဆိုင်တွေဟာ တရုတ်နိုင်ငံသားတွေ လုံးချင်းပြတ် ငှားထားပြီး တရုတ်လူမျိုးတွေ ပြန်လည်ဖွင့်တဲ့ဆိုင်တွေပါ။ ဝန်ထမ်းတွေဟာလည်း တရုတ်ဝန်ထမ်း ဒါမှမဟုတ် တရုတ်စကားတတ်သူတွေကိုသာ ခန့်အပ်ထားတာဖြစ်ပါတယ်။ ဆိုင်တွေရဲ့ သတ်မှတ်ဈေးနှုန်းတွေဟာလည်း အပြင်ကဈေးနှုန်းထက် အဆမတန်များပြားတယ်လို့ Family Home Travel & Tour ပိုင်ရှင် ဒေါ်အိအိဖြူက Duwun ကို ပြောပါတယ်။
“မြန်မာနိုင်ငံထွက်ကုန်ပစ္စည်းတွေကို တိုက်ရိုက်ရောင်းချတာထက် Zero Budget Tour ဟာ သူတို့ သတ်မှတ်ထားတဲ့ ဈေးနဲ့ ရောင်းတယ်။ အပြင်မှာ ထန်းလျက်တစ်ဗူးကို ငါးထောင်လောက် နဲ့ ဝယ်ရရင် သူတို့ဆီမှာ ခြောက်ထောင်လောက်လည်း ဖြစ်ချင်ဖြစ်သွားတယ်။ အထဲမှာ ရောင်းနေတဲ့ ဈေးနှုန်းကို ဘယ်သူမှမသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က လူတွေ ဘယ်သူမှ အဲဒီဆိုင်ကို ဝင်ပြီး ကြည့်လို့မရတဲ့အတွက်ကြောင့် မို့။ မြန်မာနိုင်ငံက ဘယ်သူ့ကိုမှ လက်မခံထားဘူး။ သူတို့ဝန်ထမ်းက အစ တရုတ်တွေ ၊ တရုတ်စကားပြောတတ်သူတွေပဲ ခန့်ထားတာ။ အဓိကကတော့ ဘာဖြစ်လာမလဲဆိုရင် သူတို့က ဟိုတယ်ဆိုရင်လည်း လုံးချင်းငှားလိုက်တယ်။ ကားဆိုလည်း တစ်ခါတည်း လချုပ်နဲ့ ငှားလိုက်တယ်။ စားသောက်ဆိုင်တွေကိုလည်း လချုပ်နဲ့ ငှားလိုက်ပြီးတော့ သူတို့ Chef ခေါ်တယ်။ သူတို့ စားပွဲထိုးခေါ်တယ်။ သူတို့လူတွေချည်းပဲ အကုန်လုံး။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ မြန်မာနိုင်ငံက လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ထိခိုက်လာမယ်။ မြန်မာနိုင်ငံက ထွက်ကုန်ပစ္စည်းတွေ ရောင်းချတဲ့နေရာမှာ အခွန်အခတွေ ထိခိုက်လာမယ်။”
အဆိုးဝါးဆုံးအရာကတော့ ငွေပေးချေမှုစနစ်ပဲဖြစ်ပါတယ်။ ငွေပေးချေမှုစနစ်မှာ တရုတ်က တီထွင်ထားတဲ့ We Chat Pay တွေ ၊ Ali pay တွေနဲ့ ပေးချေတာမျိုးပါ။ ဖုန်းကနေ QR Code ဖတ်ပြီး ငွေပေးချေနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ဘာအခွန်အခမှ မရဘဲ တရုတ်နိုင်ငံသားအချင်းချင်း ငွေပေးချေလိုက်တဲ့ သဘောမျိုးဖြစ်နေပါတယ်။ ဒီလို မြန်မာနိုင်ငံအစိုးရအနေနဲ့ အခွန်အခမရရှိသလို ဒေသထွက်ကုန်တွေ ရောင်းချနေတဲ့ မြန်မာဒေသခံနိုင်ငံသားတွေ၊ ဧည့်လမ်းညွှန်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဝန်ထမ်းတွေဟာလည်း ထိုက်သင့်သလောက် တန်ကြေးမရရှိဘဲ ခေါင်းပုံဖြတ်ခံနေသလို ဖြစ်နေပါတယ်။
Zero Budget Tour မှာ လိုက်ပါလာကြတဲ့ တရုတ်ခရီးသွားတွေဟာဆိုရင်လည်း တောသား ရန်ကုန်တက်ဆိုသလို ပညာတတ်သူပါဝင်ကြသလို ပညာမတတ်တဲ့ အောက်ခြေလူတန်းစားတွေကလည်း ငွေကုန်ကြေးကျနည်းနည်းနဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတာမျိုးတွေ ပါဝင်လာပါတယ်။ ဒီအခါမှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ရှိတဲ့နေရာတွေမှာ အုတ်အော်သောင်းနင်းဖြစ်တာ၊ မလေးစားတဲ့ အပြုအမူတွေ ပြုလုပ်တာ ၊ ရိုင်းပျတဲ့ အပြုအမူတွေ ပြုလုပ်တာ စတာတွေပါ ဖြစ်ပေါ်လာပါတော့တယ်။ ဒါကြောင့် Zero Budget Tour အတွက် ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတော်ဒုတိယသမ္မတဦးဆောင်တဲ့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ နဲ့ Working ကော်မတီ နှစ်ရပ်ကို နေပြည်တော်မှာ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်တင့်တင့်လွင်က လက်ရှိ ကော်မတီရဲ့ Zero Budget Tour နဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေကို Duwun ကို ပြောပါတယ်။
“ဒီ Zero Budget ကို ဒီတိုင်း ပေါ်လစီ တစ်ခုချပြီး လူနဲ့ လိုက်ထိန်းဖို့ မလွယ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ခရီးသွားဝင်ရောက်လာမယ့်နှုန်းက နောက်ဆို သန်းနဲ့ ချီ ရှိလာမှာ။ အဲဒါကို အစ်မတို့ လူနဲ့ လိုက်ထိန်းမယ်ဆိုရင် Corruption တွေအများကြီး ဖြစ်သွားမယ်။ အဲဒါကြောင့် Technology နဲ့ ထိန်းမယ်။ အဓိကကတော့ Payment Gateway ပေါ့။ Payment Gateway တွေကို အဓိကထိန်းရမယ်။ နောက်တစ်ခုက သူတို့ရဲ့ Rules & Regulations ၊ Do & Don't တွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်ရမယ်။ နောက်ပြီး သူ့ရဲ့ destination တွေမှာ tourist police တွေက မှန်ကန်စွာထိန်းသိမ်းရမယ်။ အပြစ်ပေးစရာရှိ အပြစ်ပေးရမယ်၊ ဒဏ်ရိုက်စရာရှိ ဒဏ်ရိုက်ရမယ်။ ဖမ်းဆီးစရာရှိ ဖမ်းဆီးရမယ်။ အကုန်လုံး လုပ်ဆောင်ရမယ်။ လူအချင်းချင်း လေးစားမှု၊ ဘာသာရေးဆိုင်ရာ လေးစားမှု ဒါတွေကို အစ်မတို့ လုပ်ဆောင်ရမယ်။ အရင်ကတည်းကရှိတယ်။ ဒါပေမယ့် သေချာကို တရုတ်ဘာသာနဲ့ ပြဌာန်းပြီးတော့ တင်းတင်းကြပ်ကြပ်ကိုင်တွယ်သွားမယ်။ ဒဏ်ကြေးဖြစ်စေ ၊ ထောင်ဒဏ်ဖြစ်စေ လုပ်ဆောင်မယ်။ နောက် သူတို့ အသုံးပြုတဲ့ ငွေကြေးတွေကိုလည်း အရေးကြီးဆုံး Issue အဖြစ် ကိုင်တွယ် လုပ်ဆောင်နေတယ်။"
ဒီလို ပေါ်လစီချမှတ်တာတွေ နဲ့ Zero Budget Tour တွေအတွက် တင်းတင်းကြပ်ကြပ် လုပ်ဆောင်မှာတွေကိုတော့ ဒီလပိုင်းအတွင်းမှာ အမြန်ဆုံးစီစဉ်ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
Share