မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဂြိုလ်တုကို ဇူလိုင်လ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီမှာ လွှတ်တင်သွားမယ်လို့ ကနဦး ကြေညာထားခဲ့ပေမယ့် အခုတော့ လွှတ်တင်မည့် ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဂြိုဟ်တုဆက်သွယ်ရေးဌာနက နေသိရပါတယ်။
Photo -Arinespace
ပြင်သစ်နိုင်ငံ Arianespace Launch စခန်းကနေ လွှတ်တင်မည့် မြန်မာဂြိုလ်တုကို အစောဆုံး ဇူလိုင်လ ၃၀ ရက်နေ့မှာ လွှတ်တင်ဖို့ လျာထားပြီး အဲဒီရက်ထက်လည်း နောက်ကျနိုင်တယ်လို့ ဂြိုလ်တုဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က Duwun ကိုပြောပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့က ပြင်သစ်နိုင်ငံ Arianespace Launch စခန်းကနေ လွှတ်တင်ထားခဲ့တဲ့ အီတလီနိုင်ငံထုတ် ဂြိုလ်တုတစ်စင်းပျက်ကျသွားတာကြောင့် ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာဖြစ်လို့ မြန်မာပိုင်ဂြိုလ်တု လွှတ်တင်မည့်ရက်ကို ရွှေ့ဆိုင်းလိုက်ရတာလို့ ဆိုပါတယ်။
“ အီတလီနိုင်ငံထုတ် အာရပ်စော်ဘွားနိုင်ငံ က ဂြိုလ်တုကို ဒီစခန်းကနေပဲ လွှတ်တင်လိုက်တယ်။ လွှတ်တင်ပြီး ၉ မိနစ်အကြာမှာ ပျက်ကျသွားတယ်။ အဲဒါကြောင့် ပြန်လည် စမ်းသပ်စစ်ဆေးမှု လုပ်မှာမို့ မြန်မာဂြိုလ်တု လွှတ်တင်မယ့်ရက်ကို ရွှေ့ဆိုင်းတယ်ဆိုပြီးတော့ ကျွန်တော်တို့ကို အကြောင်းကြားလာတာပါ” လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ဆိုပါတယ်။
မြန်မာပိုင်ဂြိုလ်တုကတော့ အသေးစိတ် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ထားပြီး ဘာမှ အမှားအယွင်းမရှိဘူးလို့ ဆိုပါတယ်။ မြန်မာပိုင်ဂြိုလ်တုနဲ့ အတူ ဥရောပဂြိုလ်တုတစ်လုံးတို့ကို အာရီယမ် ၅ ဒုံးကျည်တစ်စီးမှာ အတူတူ လွှတ်တင်သွားမယ်လို့လည်းသိရပါတယ်။ ဂြိုဟ်တုလွှတ်တင်မှုကို ပြည်တွင်းရုပ်သံလိုင်းတွေက ပြသဖို့ မသေချာပေမယ့် Facebook တို့ Twitter တို့လိုလူမှုကွန်ရက်တွေကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ရှိတယ်လို့သိရပါတယ်။
အဆိုပါ Myanmar Sat-2 ဂြိုဟ်တုဟာ အမေရိကန်ဒေါ်လာ ၁၅၅ သန်းကုန်ကျပြီး အစိုးရအနေနဲ့ အရစ်ကျပေးဆပ်ရမှာဖြစ်ပါတယ်။ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat Global Sales & Marketing Limited တို့က အချိုးကျ ပူးတွဲပိုင်ဆိုင်မှာဖြစ်ပါတယ်။
ထိုဂြိုလ်တုမှာ မြန်မာနိုင်ငံအနေနဲ့ C-Band ခြောက်ခုအတွက်လိုင်း အင်အားပေါင်း 432 MHz, Ku Band ခြောက်ခုအတွက် လိုင်းအင်အားပေါင်း 432MHz စုစုပေါင်းလိုင်းအင်အား 864MHz ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။