၂၀၂၀ ခုနှစ်အတွက်ပေးအပ်တဲ့ 2020 World Monuments Watch အဖြစ် မြန်မာနိုင်ငံက မြန်မာ့ကျွန်းသစ်လယ်တောအိမ်တွေ ရွေးချယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဆောက်လုပ်ထားတဲ့ ကျွန်းလယ်တောအိမ်တချို့ကို ယဉ်ကျေးမှုအမွေအနှစ်လက်ရာတွေထိန်းသိမ်းဖို့ ပံ့ပိုးပေးနေတဲ့ Program တစ်ခုဖြစ်တဲ့ World Monuments Watch အဖြစ် ရွေးချယ်ခဲ့ပါတယ်။ World Monuments Watch ဆိုတာကတော့ ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုကုမ္ပဏီ American Express ရဲ့ပံ့ပိုးမှုနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ထိန်းသိမ်းဖို့လိုအပ်နေတဲ့ယဉ်ကျေးမှုအမွေအနှစ်လက်ရာတွေကို ထိန်းသိမ်းဖို့အတွက် ပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။

ဒီအစီအစဥ်ကိုတော့ နည်းပညာတက္ကသိုလ်(မန္တလေး)ဗိသုကာဌာနက ပါမောက္ခဒေါက်တာဇာခြည်မင်းက တင်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

"ကျေးလက်တောရွာတွေမှာရှိတဲ့ မြန်မာ့ရိုးရာ လယ်တောအိမ်လေးတွေကို ကမ္ဘာကသိအောင် ဖော်ထုတ်ဖို့ အိုင်ဒီယာလေးတွေကတော့ ကျွန်မတို့ဌာနက ရှိပါတယ်။

အခွင့်အလမ်းမသင့်သေးလို့ တက္ကသိုလ်ရဲ့ စာတမ်းပြုစုတဲ့နေရာမှာပဲ ရှိခဲ့ပါတယ်။ World Monument Fund ရဲ့ World Monuments Watch အစီအစဥ◌်မှာ တင်သွင်းလို့ ရတယ်ဆိုတာ သိတဲ့ အချိန်က စပြီး ကျွန်မတို့ ကြိုးစားခဲ့တာပါ။ ၂၀၁၉မှာ စတင် တင်သွင်းခဲ့တာပါ။ ဒီလိုမျိုးမှ ဖော်မထုတ်ဘူးဆိုရင် နောင်တစ်ချိန်မှာ ဒါဟာ မြန်မာရဲ့ Life Style က ဒီလိုရှိတယ်၊ ဒါကို ထင်ဟပ်ပေါ်လွင်စေတဲ့ ရိုးရာဗိသုကာလက်ရာတွေ ၊ ဆောက်လုပ်မှုစနစ်တွေ ၊ Local Materials တွေကို သုံးပြီးဆောက်ထားတဲ့ နည်းပညာတွေက ပျောက်ပျက်သွားနိုင်တဲ့ အနေအထားလေးတွေ ရှိပါတယ်။ ဒါလေးတွေကို မပျောက်ပျက်အောင် ရည်ရွယ်ပြီး ကျောင်းသူကျောင်းသားတွေနဲ့ ကျွန်မတို့က ဒီProject လေးကို လုပ်ထားတာ ဖြစ်ပါတယ်"

ဒီလယ်တောအိမ်တွေဟာ ကျွန်းသစ်တွေနဲ့ဆောက်ထားပြီး မြန်မာ့ရိုးရာဗိသုကာလက်ရာအရဂုဏ်ယူစရာအဖြစ်၊ မြန်မာတို့ရဲ့နေထိုင်မှုဓလေ့စရိုက်တွေ ကို ကမ္ဘာကနှစ်သက်စရာအဖြစ် ထင်ဟပ်ပြသနိုင်တဲ့အခြေအနေတစ်ရပ်ဖြစ်နေတာကြောင့်လည်း အခုလိုရွေးချယ်ခံရတာဖြစ်နိုင်တယ်၊ ဆက်လက်ပြီးတော့လည်း မတူညီတဲ့ ဒေသတွေမှာရှိကြတဲ့၊ မတူညီတဲ့ လူမျိုးပေါင်းစုံရဲ့စိတ်ဝင်စားဖွယ်ရာ ဗိသုကာလက်ရာအဆောက်အဦတွေကို ကွင်းဆင်းသုတေသနပြုမှတ်တမ်းတင်ပြီး ကမ္ဘာကသိအောင်ဖော်ထုတ်သွားမယ်လို့လည်း ပါမောက္ခဒေါက်တာဇာခြည်မင်းက ဆက်လက် ပြောပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက်၊ Non Government Organization တစ်ခုဖြစ်တဲ့ World Monument Fund အနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ထိန်းသိမ်းဖို့လိုအပ်နေတဲ့ယဉ်ကျေးမှုအမွေအနှစ်လက်ရာတွေကို World Monuments Watch (အရှည်တည်တံ့အောင်စောင့်ရှောက်ထိန်းသိမ်းမှတ်တမ်းတင်ရမယ့်အဆောက်အဦများ)အဖြစ် နှစ်နှစ်တစ်ကြိမ်ရွေးချယ်ပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာနိုင်ငံအသီးသီးကတင်သွင်းတဲ့ပရော့ဂျက်ပေါင်း ၂၅၀ ထဲကမှ မြန်မာနိုင်ငံက မြန်မာ့ကျွန်းသစ်လယ်တောအိမ်တွေအပါအဝင် Project ပေါင်း ၂၅ ခုထဲမှာ တစ်ခုအပါအဝင်အဖြစ် ရွေးချယ်ခံခဲ့ရတာလို့သိရပါတယ်။



Share

Loading Next Article...
က္က