Twitter ပေါ်မှ ရေးသားမှုအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းမှာ ကြက်မွေးမြူရေးလုပ်ငန်းပိုင်ရှင်ကို Twitter မှတစ်ဆင့် အသရေဖျက်မှုဖြင့် တရားစွဲဆိုခံရတဲ့ အမျိုသမီးသတင်းထောက်အား ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

(ကြက်မွေးမြူရေးခြံတစ်ခြံမြင်ကွင်း) (Photo: P. Bronstein/Getty Images)

သတင်းထောက်ကို ယခုပြစ်ဒဏ်ချမှတ်မှုဟာ ထိုင်းနိုင်ငံရဲ့ အသရေဖျက်မှု ဥပဒေတွေက မီဒီယာလွတ်လပ်ခွင့်ကို နှိပ်ကွပ်ရာရောက်ကြောင်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ထိုင်းတရားရုံးက သတင်းထောက် Suchanee Cloitre ကို ယမန်နှစ် ဒီဇင်ဘာလအတွင်း Thammakaset ကုမ္ပဏီပိုင် ကြက်မွေးမြူရေးလုပ်ငန်းမှာ ဖြစ်ပွားခဲ့တဲ့ လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုပြဿနာကို ရည်ညွှန်ထားတဲ့ Twitter ပေါ်မှ ရေးသားမှုအတွက် ပြစ်ဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။



အဆိုပါ ကြက်မွေးမြူရေးလုပ်ငန်းဟာ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ချိန်နဲ့ လုပ်ငန်းခွင်အခြေအနေတို့အပေါ် အငြင်းပွားမှုဖြစ်ခဲ့ပါတယ်။ ထိုင်းတရားရုံးက ကြက်မွေးမြူရေးလုပ်ငန်းပိုင်ရှင် Chanchai Pheamphon ကို အလုပ်သမားများအတွက် နစ်နာကြေးပေးရန် ယမန်နှစ်အတွင်း အမိန့်ချမှတ်ခဲ့ပါတယ်။

(Twitter ပေါ်မှာ ရေးသားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံသည့် Suchanee) (Photo: AFP)

Chanchai က သတင်းထောက်များ၊ အလုပ်သမားများအနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို အသရေဖျက်မှုများဖြင့် တရားစွဲဆိုခဲ့ရာ အမျိုးသမီးသတင်းထောက် Suchanee တရားစွဲခံခဲ့ရပါတယ်။ သတင်းထောက် Suchanee ဟာ ကြက်မွေးမြူးရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး Twitter မှာ ရေးသားခဲ့စဥ်အချိန်က ထိုင်းရုပ်မြင့်သံကြားသတင်းဌာန Voice TV မှာ အလုပ်လုပ်ကိုင်နေပါတယ်။

ပြင်သစ်အမျိုးသားနဲ့ လက်ထပ်ထားတဲ့ အသက်ကိုးလသားအရွယ် ကလေးမိခင်ဖြစ်သူ Suchanee က တရားရုံးက ချမှတ်လိုက်တဲ့ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ကို အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ Suchanee ကို တရားရုံးက အာမခံပေးထားကြောင်းလည်း သိရပါတယ်။

(၂၀၁၈ နဲ့ ၂၀၁၉ အာဆီယံနိုင်ငံတွေရဲ့ သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းများ) (Source: World Press Freedom Index 2019)

"စီရင်ချက်ချပြီးတော့ ကျွန်မ ငိုချိမိလိုနီးပါးပါပဲ၊ ကျွန်မသားလေးကို မတွေ့ရတော့ဘူးဆိုတာ တွေးမိနေမိပြီး ဒါက ကျွန်မကို အကြီးအကျယ် စိတ်ထိခိုက်စေပါတယ်" လို့ Suchanee က AFP သတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ပျောက်ဆုံးနေပြီလို့လည်း သူမက ဖြည့်စွက်ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ နိုင်ငံရေးကဲ့သို့ ထိလွယ်ရှလွယ်ရှိတဲ့ သတင်းတွေကို ရေးသေားဖော်ပြကြရာမှာ သတင်းထောက်တွေကြား ကိုယ်တိုင် စိစစ်ဖြတ်တောက်မှုတွေ လုပ်ဆောင်နေရကြောင်း Suchanee က ဆိုပါတယ်။ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို တားမြစ်ပိတ်ပင်တဲ့အခါ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တားမြစ်ပိတ်ပင်လိုက်တာပါပဲ" လို့ Suchanee က ပြောပါတယ်။ Thammakaset ကြက်မွေးမြူရေးလုပ်ငန်းပိုင်ရှင်ကို ယခုအမှုကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ရာ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း AFP က ဖော်ပြပါတယ်။ 

Share

Loading Next Article...
က္က