ပညာရေးဝန်ကြီးဌာနကိုလည်း ကျောင်းကားအစီး ၆၀ လှူဒါန်းခဲ့ပါတယ်။
ကိုးရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်းမှာ ကိုရီးယားစီးပွားရေးလုပ်ငန်းတွေ ပိုမိုရင်းနှီးမြှုပ်နှံလာစေဖို့ ကိုးရီးယားသမ္မတ မစ္စတာ မွန်ဂျေအင်းက တိုက်တွန်းပေးသွားမယ်လို့ စက်တင်ဘာ ၃ ရက်က နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Photo - Myanmar State Counsellor Office

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကိုးရီးယားသမ္မ မစ္စတာ မွန်ဂျေအင်းဟာ စက်တင်ဘာ ၃ ရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲကို နိုင်ငံတော်သမ္မတ နေအိမ်မှာ ပြုလုပ်ခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကသတင်းထုတ်ပြန်ပါတယ်။

ကိုရီးယားသမ္မတက မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ ဖွံဖြိုးတိုးတက်ရေးကို ကူညီပေးမယ့် အခြေအနေ၊ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာနကို ကျောင်းကား အစီး ၆၀ လှူဒါန်းသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က သဘောတူညီချက်နဲ့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့တဲ့ အခြေအနေတွေ၊ ဗီဇာကင်းလွတ်ခွင့် သက်တမ်းတစ်နှစ်တိုးမြင့်ပေးခဲ့တာကြောင့် ကိုရီးယားခရီးသွားတွေ ပိုမိုဝင်ရောက်လာမယ့် အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

ကိုးရီးယားသမ္မ မစ္စတာ မွန်ဂျေအင်းဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပြီးတဲ့နောက် မြန်မာ-ကိုရီယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေအတွက် နားလည်မှု စာချွန်လွှာ ခြောက်ခု လက်မှတ်ရေးထိုးခဲ့တာပါ။

Photo- Myanmar State Counsellor Office

၂၀၁၈ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာမူဘောင်သဘောတူညီချက်၊ ကုန်သွယ် ရေးနှင့် စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကိုရီးယားက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံရာမှာ ပိုပြီးလွယ်ကူစေဖို့ ရန်ကုန်မှာ သတင်းအချက်အလက်စင်တာတစ်ခု တည်ထောင်ရေး၊သင်္ဘောလိုင်း၊ သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးနဲ့ စီမံခန့်ခွဲရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ သိပွံနဲ့ နည်းပညာဆိုင်ရာနဲ့  ထွန်းသစ်စလုပ်ငန်းတွေနဲ့ တီထွင်ဆန်းသစ်ခြင်းနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး တို့ကို  နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ကိုးရီးယားသမ္မတ မစ္စတာ မွန်ဂျေအင်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲမှာတော့ နှစ်နိုင်ငံပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အခြေခံအဆောက်အဦ၊ စွမ်းအင်၊ ငွေကြေးနှင့် ဘဏ္ဍာရေးကဏ္ဍတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ကို အဓိက ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာကဏ္ဍ အတွေ့အကြုံနှင့် နည်းပညာတွေ ဖလှယ်ပြီး အကူအညီပေးရေး၊ ကိုရီးယားက လာရောက်ရင်းနှီးမြှုပ်နှံမှု လွယ်ကူအောင်  ရန်ကုန်မှာ သတင်းအချက်အလက် စင်တာတစ်ခု တည်ထောင်သွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပူးပေါင်းရေး၊ ခရီးသွားလုပ်ငန်း တိုးမြှင့်အောင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ရက်က ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ကိုရီးယားခရီးသွားဧည့်သည်တွေ တိုးမြင့်လာတာကြောင့်   ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ်ထပ်မံသက်တမ်းတိုးမြှင့်ပေးခဲ့တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံကို ကိုရီးယားပြည်သူတွေ ပိုသိလာအောင် ဘူဆန်မြို့က အာဆီယံယဉ်ကျေးမှု စင်တာမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံ အကြောင်းကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပုံဖော်ပြသရေး၊ ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်းအနားအတွက်  ကိုရီးယားက အကူအညီတွေ ပေးရေး၊  ရခိုင်အရေးမှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုတွေမှာ ပါဝင်နိုင်အောင် ကိုရီးယားနိုင်ငံက အကူအညီပေးရေး၊ ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း(KMIC) ထူထောင်နိုင်ရေး စတင်တဲ့အခမ်းအနားကို ရန်ကုန်မှာ ကျင်းပမယ့်ကိစ္စ၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နိုင်ရေးအတွက် မြန်မာ အလုပ်သမားများ တိုးမြှင့်ခေါ်ယူနိုင်ရေး တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က