ဝေဘာဂီလို အရေးကြီးတဲ့နေရာ PPE မပြတ်လပ်အောင် စီစဥ်ထားပြီး လတ်တလောအခြေအနေထိ ပစ္စည်း အလုံအလောက်ရှိတယ်လို့လည်းသိရပါတယ်။
COVID-19 ရောဂါကာကွယ်ရေး ဝတ်စုံဖြစ်တဲ့ PPE ဝတ်စုံတွေ လတ်တလောကာလအထိ အလုံအလောက်ရှိ နေသေးကြောင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ဦးသန်းနိုင်စိုးက Duwun ကိုပြောပါ တယ်။
“ကျွန်တော်တို့မှာ လတ်တလောအနေအထားထိ ပစ္စည်းပြတ်စရာအကြောင်းမရှိပါဘူး။မပြတ်အောင်လည်း စီစဥ် ထားပါတယ်။လိုအပ်နေတဲ့ ဆေးရုံတွေကိုလည်း မပြတ်အောင် ထောက်ပံ့ပေးနိုင်ဖို့ စီစဥ်ထားပါတယ်။”လို့ ဒေါက်တာဦးသန်းနိုင်စိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ကမှ ဝေဘာဂီဆေးရုံက ဆရာဝန်တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည်တို့ အွန်လိုင်းတွေ့ဆုံမှုမှာ ပါမောက္ခဆရာဝန်ကြီး ဒေါက်တာဒေါ်စံပယ်ဖြူက ဝေဘာဂီမှာ PPE ဝတ်စုံတွေ တစ်လစာလောက်ပဲ ကျန်တော့တယ်လို့ ပြောခဲ့ပါတယ်။
“ဝေဘာဂီလို အရေးကြီးတဲ့ နေရာမှာ PPE ပြတ်လပ်လို့ မဖြစ်အောင် စီစဥ်ထားပါတယ်။ကျွန်တာ်တို့မှာ ခွဲတမ်းတွေ ရှိပါတယ်။အခု တစ်လစာပဲ ကျန်တော့လို့ လိုအပ်လာပြီဆိုရင် ထပ်ဖြည့်ပေးသွားမှာပါ။ တကယ်လို့ မရှိဘူးဆိုရင်တောင် အခြားမလိုအပ်သေးတဲ့ ပြည်နယ်/တိုင်း ဆေးရုံတွေကနေ ဝေဘာဂီဆေးရုံကို ပို့ပေးသွားမှာ ပါ။မပြတ်အောင် စီစဥ်ထားပါတယ်။လတ်တလောမှာလည်း ပစ္စည်းပြတ်စရာအကြောင်းမရှိပါဘူး။”လို့ ဒေါက် တာ သန်းနိုင်စိုးက ဆက်လက်ပြောပါတယ်။
PPE ဝတ်စုံက ကျန်းမာရေးသုံးနှင့်စက်ရုံသုံး နှစ်မျိုးရှိပြီး စက်ရုံသုံးအမျိုးအစားကတော့ ဆေးဖြန်းသမား များအသုံးပြုဖို့ ဖြစ်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုဖို့ မသင့်ဘူးလို့လည်း သိရပါတယ်။