ပြည်မြို့၊ ဧရာဝတီမြစ်ကမ်းနားကို အဆင့်မြှင့်တင်ပြီး အများပြည်သူအပန်းဖြေနိုင်မယ့် ဇုန်အဖြစ် ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ ပြည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
အဆိုပါ စီမံကိန်းဟာ မြန်မာနိုင်ငံမှာ ပထမဆုံးစတင်မယ့် ကမ်းနားလမ်း အပန်းဖြေဇုန်တစ်ခုဖြစ်ပြီး ဖော်ဆောင်တဲ့အခါမှာ Commercial Zone ၊ Semi Quiet Zone ၊ Quiet Zone ဆိုပြီး ဇုန် ၃ ခု လုပ်ဆောင်မှာဖြစ်ပါတယ်။ စီမံကိန်းအတွက်ကို လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ယူလုပ်ဆောင်မှာဖြစ်ပါတယ်။
ဇုန်တွေမှာ တင်းနစ်၊ပိုက်ကျော်ခြင်း ၊ ဘတ်စကတ်ဘော ၊ ဖူဆယ်ကစားကွင်း ၊ ရေကူးကန်၊ ရေပေါ်ဈေး ၊ညဈေး ၊ အင်ဖောမေးရှင်းနေရာ၊ Theatre ၊ လှေဆိပ်၊ ဆိပ်ခံဘောတံတား ၊ စတိတ်စင် ၊ အပန်းဖြေဥယျာဉ် စတာတွေကို ထည့်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။
"အဓိက တိုင်းဒေသကြီးအဖွဲ့ကခွင့်ပြုမှ လုပ်လို့ရမှာပါ။ သူတို့က ဦးဆောင်ပြီး စီစဉ်ပေးရမှာပါ။ ကမ်းနားလမ်းဖြစ်လို့ စည်ပင်သာယာရေးက အကောင်ထည်ဖော်ပါမယ်။ မြေကတော့ မြစ်ချောင်းမြေပေါ့။ ရေအရင်းအမြစ်ဦးစီးဌာနပိုင်မြေဖြစ်လို့ ဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်ရမှာဖြစ်လို့ အစိုးရက ဦးဆောင်ပေးရမယ်။ အခုအစိုးရလက်ထက် ဖြစ်မဖြစ်ဆိုတာက အစိုးရဆီကဘတ်ဂျက်တောင်းတာမဟုတ်ဘူး အစိုးရကစီမံခန့်ခွဲပေးရုံပဲ ဖြစ်လို့ မြန်မြန်ဆန်ဆန် စီမံခန့်ခွဲနိုင်ရင်ဖြစ်မှာပါ။"လို့ ဦးကျော်ဇေယျက ပြောပါတယ်။
ကမ်းနားလမ်းအဆင့်မြှင့်တင်မယ့် စီမံကိန်းအတွက် Master Plan တစ်ခုကို ဗိသုကာပညာရှင်တွေရဲ့ အကူအညီနဲ့ ရေးဆွဲထားပြီးဖြစ်တယ်လို့ သိရပါတယ်။ ကမ်းနားလမ်းအဆင့်မြှင့်တင်မယ့် စီမံကိန်းကို ပြည်မြို့ ညဈေးတန်း ကမ်းနားလမ်းကနေ ရန်ကုန်မှပြည်မြို့အဝင် နေရာအထိ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ် ။
ဒါကြောင့် ဒီအဆင်မြှင့်တင်မယ့်စီမံကိန်းကို အမြန်ဆုံးအကောင်ထည်ဖော်နိုင်ဖို့အတွက် ဇူလိုင်လ ၂၇ ရက်မှာပြုလုပ်တဲ့ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပဉ္စမ)နေ့မှာ အဆိုတင်သွင်းခဲ့ပါတယ်။
လွှတ်တော်မှာ အဆိုတင်သွင်းမှုအပေါ် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာစောညိုဝင်းက လက်ရှိ ကမ်းနားလမ်း စီမံကိန်းဖော်ဆောင်မယ့်နေရာဟာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ စီမံပိုင်ခွင့်မြေနေရာမှာပါဝင်နေတာကြောင့် နေပြည်တော် ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ် ခွင့်ပြုချက် ၊သဘောထားမှတ်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။