မေလ၁၆ရက်နောက်ပိုင်း ပြည်တော်ပြန်ပိုးတွေ့ရှိမှု ၁၄၀ဦးအထိရှိလာပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ကိုဗစ်-၁၉ကူးစက်မှုနှုန်းကို ဆန်းစစ်ချက်အရ ကူးစက်မှုရဲ့၅၀ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေကနေ ပြန်ဝင်လာသူတွေဆီကတဆင့်ကူးစက်ခြင်းဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

ဇူလိုင်လ(၉)ရက်ကပြုလုပ်ခဲ့တဲ့ အွန်လိုင်းအစည်းအဝေးမှာ ဝန်ကြီးကပြောခဲ့တာဖြစ်ပြီး ပြည်ပမှထပ်မံဝင်ရောက်လာမည့်သူများရှိနေသေးသည့်အတွက် ကွာရန်တင်းစင်တာတွေမှာ ဂရုတစိုက်ရှိကြရန်လည်း သတိပေးပြောကြားခဲ့ပါတယ်။ မေလ၁၅ရက်နောက်ပိုင်းကစတင်ပြီး ဇူလိုင်လ ၁၀ရက်နေ့ညအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ပိုးတွေ့အတည်ပြုလူနာ ၁၄၄ဦးရှိပြီး ၁၄၀က ပြည်ပက ပြန်လာသူတွေဖြစ်ကာ ၄ဦးသာပြည်တွင်းကူးစက်မှုအဖြစ်တွေ့ရှိခဲ့ပါတယ်။ 



ဇူလိုင်လ ၁၀ရက်နေ့ညအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ပိုးတွေ့အတည်ပြုလူနာ ၃၂၆ဦးရှိပြီး ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူက ၂၅၆ဦးရှိတဲ့အတွက် ၈၀ရာခိုင်နှုန်းပြန်လည်ကောင်းမွန်နေပြီလို့လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ ဝန်ကြီးဒေါက်တာမြင့်ထွေးရဲ့ပြောကြားချက်အရ ဇူလိုင်၉ရက်နေ့အထိ ရောဂါဖြစ်ပွားသူတွေထဲက ၁၉ဦးသာ အရေးပေါ်ကြပ်မတ်ကုသခဲ့ရပြီး အသက်ရှူစက်အသုံးပြုခဲ့ရသူ ၅ဦးသာရှိကာ လူနာရဲ့၅၈ရာခိုင်နှုန်းက လက္ခဏာမပြဘူးလို့သိရပါတယ်။

မေလ၁၆ရက်နောက်ပိုင်းကစတင်ပြီးဇူလိုင်၁၀ရက်နေ့ညအထိ ပြည်ပက ပြန်လာသူတွေထဲမှာ ၁၄၀ဦးအထိ ရောဂါပိုးတွေ့ရှိထားပြီး မလေးရှား၊ ယူအေအီး၊ အီတလီ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကာတာ၊ အင်္ဂလန်၊ လာအို၊ ဖိလစ်ပိုင်၊ စင်ကာပူနိုင်ငံတွေက ပြန်လာသူတွေမှာ ရောဂါပိုးတွေ့ရှိထားပါတယ်။

ရောဂါကူးစက်ခံထားရသူ ၁၄၀ဦးမှာ ၇၇ဦးကရောဂါပျောက်ကင်းခဲ့ပြီဖြစ်လို့ ဆေးရုံတက်ကုသမှုခံယူနေရသူ ၆၆ဦးသာကျန်ရှိပါတယ်။ ပြည်ပနိုင်ငံတွေကနေပြန်လည်ဝင်ရောက်နေသူအရေအတွက်က တစ်ရက်ကို ၁,၂၀၀ ဝန်းကျင်ရှိပြီးနေ့စဉ်ဝင်ရောက်မှုတွေရှိနေပါတယ်။ ဇူလိုင်လအတွင်းမှာလည်း မလေးရှားနိုင်ငံက ထောက်အထားမဲ့ မြန်မာနိုင်ငံသား နှစ်သောင်းကျော်လောက် ပြန်လည်ဝင်ရောက်လာဖို့လည်းရှိနေတယ်လို့သတင်းတွေအရ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က