ဒီကနေ့ ဇွန်လ ၂၁ ရက် ည ၈နာရီထုတ်ပြန်ချက်အရ ပိုးကင်းစင်သွားသူ ၄ ဦးထပ်တိုးခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ရောဂါပျောက်ကင်းသူ ၂၀၀ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒီကနေ့ ထုတ်ပြန်ခဲ့တဲ့ ပိုးကင်းစင်သွားသူ ၄ ဦးကတော့ လူနာအမှတ် ၁၀၀၊ လူနာအမှတ် ၁၇၃၊ လူနာအမှတ် ၁၇၅ နဲ့ လူနာအမှတ် ၂၄၃ တို့ဖြစ်ပါတယ်။ လူနာအမှတ် ၁၀၀ ကတော့ အင်းစိန်ဘာသာရေးပွဲအုပ်စုကတစ်ဆင့် ကူးစက်ခံခဲ့ရကာ ဒေါပုံမြို့နယ် မှာ နေုထိုင်တဲ့သူဖြစ်ပါတယ်။
လူနာအမှတ် ၁၇၃ နဲ့ လူနာအမှတ် ၁၇၅ တို့က ကွယ်ကဘောဆေးရုံက သူနာပြုတွေကတစ်ဆင့် ကူးစက်ခံခဲ့ရသူတွေဖြစ်ပြီး အင်းစိန်ခဝဲခြံ (၂) လမ်းမှာနေထိုင်တဲ့သူဖြစ်ပါတယ်။ လူနာအမှတ် ၂၄၃ကတော့ အီတလီနိုင်ငံက ပြန်လာသူဖြစ်ပြီး လက်ရှိအချိန်ထိ ပြည်ပက ပြန်လာသူ ၂၆ ဦးအထိ ရောဂါပိုးကင်းစင်သွားခဲ့တာပါ။
ဒါ့အပြင် ဒီကနေ့ ည ထုတ်ပြန်ချက်အရ ကာတာနိုင်ငံက ပြန်လာသူတွေထဲက ၃ ဦးမှာ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့ရတာကြောင့် မေလ ၁၆ ရက်ကနေ ဇွန်လ ၂၁ ရက် ည ၈ နာရီအထိ ပြည်ပက ပြန်လာသူ ၁၀၄ ဦးအထိ ရောဂါပိုးတွေ့ရှိထားရတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ နိုင်ငံအတွင်းမှာ ပိုးတွေ့လူနာ ၂၉၀ အထိ ရှိခဲ့ပြီး ပိုးကင်းစင်သွားသူ ၂၀၀ ဦးအထိ ရှိလာတာကြောင့် ပိုးကင်းစင်မှု ရာခိုင်နှုန်းက ၆၉ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။