မြန်မာနိုင်ငံမှာ COVID 19 ကူးစက်ခံရသူတွေထဲက အသက် ၈၇ နှစ်အရွယ်အမျိုးသမီးက မေလ ၉ ရက်နေ့က ရောဂါပျောက်ကင်းခဲ့တာ ဖြစ်ပြီး အသက်အငယ်ဆုံးဖြစ်တဲ့ တစ်နှစ်ခွဲအရွယ်ကလေးငယ်က ဒီကနေ့ (မေလ ၁၄ ရက်) မှာ ရောဂါပျောက်ကင်းခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ (မေလ ၁၄ ရက်) ည ၈ နာရီ ထုတ်ပြန်ချက်အရ ထပ်တိုးလူနာမရှိဘဲ ရောဂါပျောက်ကင်းသူ (Negative ၂ ကြိမ်ပြသူ) ၅ ဦးထပ်တိုးလာခဲ့ကာ အဲဒီထဲမှာ ကိုဗစ်ကူးစက်ခံရသူတွေထဲ အသက်အငယ်ဆုံးဖြစ်တဲ့ အသက် ၁ နှစ်ခွဲ ကလေးငယ်လည်း ပါဝင်လာခဲ့ပါတယ်။
ဧပြီလ ၁၈ ရက်နေ့ မနက် ၁၀ နာရီ ထုတ်ပြန်ချက်မှာ အသက် တစ်နှစ်ခွဲအရွယ် ကလေးငယ် ပါဝင်လာခဲ့ပြီး သူဟာ ယောက်ျားလေးဖြစ်ပြီး ပန်းပဲတန်းမြို့နယ်မှာ နေထိုင်သူဖြစ်ကာ မိဘများကတစ်ဆင့် ရောဂါပိုးကူးစက်ခံရကြောင်သိခဲ့ရပါတယ်။ သူက လူနာနံပါတ် ၉၅ ဖြစ်ပြီး သူနဲ့အတူ Negative ၂ ကြိမ် ပြသူများက လူနာနံပါတ် ၄၄, ၅၅, ၉၂ နဲ့ ၁၂၇ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံးရောဂါပိုးကူးစက်ခံရသူဖြစ်တဲ့ အသက် ၈၇ အရွယ် အမျိုးသမီးကြီးမှာလည်း ရောဂါပိုးကင်းစင်သွားပြီဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။
သူက လူနာနံပါတ် ၁၄၃ ဖြစ်ပြီးတော့ မတ်လ(၁၆)ရက်မှာ ဒူဘိုင်းကနေ ရန်ကုန်ကိုပြန်လာခဲ့ပြီး မတ်လ(၂၀)ရက်မှာ ရန်ကုန်ကနေ လားရှိုးကို လေယာဉ်နဲ့ပြန်လာကာ မူဆယ်ကို လိုင်းကားနဲ့ ပြန်လည်ရောက်ရှိလာတာပါ။ မူဆယ်ဆေးရုံမှာ ၁၆ ရက်ကြာ ကုသမှုခံယူပြီးနောက် ရောဂါသက်သာပျောက်ကင်းသူအဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ယနေ့ (မေလ ၁၄ ရက်) ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ၁၈၁ ဦးရှိပြီးတော့ အဲဒီထဲမှာ သေဆုံးသူ ၆ ဦးရှိပြီး ရောဂါကင်းစင်သူ ၈၄ ဦး ရှိလာပါပြီ။ ရောဂါကင်းစင်သူများထဲက ၇၁ ဦးကတော့ ဆေးရုံက ဆင်းခွင့်ရသွားပြီ ဖြစ်ပါတယ်။