မေလ(၁၆)ရက်နေ့ကနေ (၂၀)ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ပိုးတွေ့လူနာ (၁၈)ဦးမှာ (၁၇)ဦးက ပြည်ပကပြန်လည်ရောက်ရှိလာတဲ့သူတွေဖြစ်ပါတယ်။
လတ်တလော မြန်မာနိုင်ငံမှာက ပြည်တွင်းကူးစက်မှုလည်းမရှိသလို ရောဂါပျောက်ကင်းတဲ့သူကလည်း ရောဂါပိုးရှိတဲ့ သူစာရင်းထက်များလာတာက ကောင်းတဲ့ အခြေအနေတစ်ခုပါလို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။
“ လတ်တလော အနေအထားကတော့ ဒါထိန်းချုပ်ထားနိုင်တယ်လို့ ပြောရမှာပေါ့နော်။ဒါကလည်း ပြည်သူတွေအပါအဝင် တာဝန်ရှိသူတွေအားလုံးပူးပေါင်းဆောင်ရွက်မှုပါပဲ။ သင်္ကြန်ကာလမှာ အားလုံးက Stay at Home နေခဲ့ကြတဲ့ရလဒ်တွေကြောင့် လတ်တလောထိန်းချုပ်နိုင်တဲ့ အခြေအနေပါ။ အခုဆို ပျောက်ကင်းလူနာတွေလည်း ပိုးတွေ့လူနာထက်များလာတာက ကုသရေးပိုင်းတွေကိုကော နိုင်ငံတကာရဲ့ ကုသရေးနည်းတွေအတိုင်း သူတို့နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေတာပါ" လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
COVID -19 ရောဂါက ကူးစက်မြန်တဲ့ ရောဂါဖြစ်ပြီး ကမ္ဘာ့နိုင်ငံက ချမ်းသာတဲ့နိုင်ငံတွေတောင် ဒီရောဂါကပ်ဘေးကို ရုန်းကန်နေရတဲ့ အနေအထားဖြစ်လို့ မြန်မာနိုင်ငံမှာလည်း လျှော့တွက်လို့မရဘဲ ဆက်လက်အားစိုက်ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါကူးစက်မှုအခြေအနေကလည်းအချိန်နဲ့ တပြေးညီပြောင်းနိုင်ပြီး လက်ရှိထိန်းချုပ်နိုင်တဲ့ အနေအထားမှာတော့ ဒီလိုရလဒ်ကောင်းတစ်ခုရလာဖို့အတွက် နောက်ကွယ်မှာ များစွာသော လူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရှိတယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။
မေလ(၂၁)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ံငံမှာ COVID 19အတည်ပြုလူနာ (၁၉၉)ဦးရှိပြီး ရောဂါပြန်လည်ပျောက်ကင်းသူက (၁၀၈)ဦးထိရှိကာ ဆေးရုံကဆင်းခွင့်ရသူက (၉၈)ဦးထိရှိပါတယ်။