ကွာရန်တင်းဝင်နေသူ ငါးသောင်းကျော်ကို ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ရာမှာ ၁၁၉ဦးသာရောဂါပိုးတွေ့ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းမှာ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီလို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

ဇွန်လ ၂၂ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စတုတ္ထတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးက ပြည်တွင်းကူးစက်မှုအခြေအနေနဲ့ပတ်သက်ပြီးအသေးစိတ်ရှင်းလင်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မေလ၁၆ရက်ကနေ ဇွန်လ၂၅ရက်မနက်ပိုင်းအထိ ပြည်တွင်းကူးစက်ခံရသူ ၄ဦးသာရှိပြီး ၁ဦးမှာရောဂါပိုးကင်းစင်ခဲ့ပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်။ 



"ကွာရန်တင်းကလူပေါင်း ၅၄,၃၄၀ ဦးကို စစ်တဲ့အခါမှာ ၁၁၉ဦးပဲ Positive ဖြစ်တဲ့အတွက် ဝ.၂၂ရာခိုင်နှုန်းပဲရှိတယ်။ ရောဂါလက္ခဏာထင်မှတ်လောက်အောင်ရှိတဲ့ ၅,၉၉၁ ယောက်ကိုစစ်တဲ့အခါမှာ ၆၃ယောက်ပဲ တွေ့တဲ့အတွက် ၁.၁ရာခိုင်နှုန်းပဲရှိပါတယ်။ ရောဂါကူးစက်ခံရသူနဲ့ထိတွေ့သူ ၃,၅၀၆ယောက်ကို စစ်တဲ့အခါမှာ ၁၀၈ယောက်ပဲတွေ့တယ်ဆိုတော့ ၃.၁ရာခိုင်နှုန်းဖြစ်တဲ့အတွက် ထိတွေ့သူ ၁၀၀မှာ ၃ယောက်ပဲရောဂါပိုးတွေ့တဲ့သဘောဖြစ်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီလို့ပြောတာပါ။" လို့ ဝန်ကြီးဒေါက်တာမြင့်ထွေးကပြောပါတယ်။ 

မြန်မာနိုင်ငံမှာ မတ်လ ၂၃ရက်စတင်ပြီး ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံခဲ့ရာမှာ ဇွန်လ၂၅ရက်မနက်ပိုင်းအထိ ၂၉၃ဦးမှာ ရောဂါပိုးတွေ့ရှိထားပေမယ့် သေဆုံးသူဦးရေ ၆ဦးသာရှိပါတယ်။ ဒါ့အပြင် ဇွန်လ ၂၅ရက် မနက်ပိုင်းအထိ ရောဂါကင်းစင်သူ ၂၀၈ဦးအထိရှိနေပြီး ဆေးရုံမှာတက်ရောက်ကုသမှုခံယူနေရတဲ့အရေအတွက်ကလည်း ၇၉ဦးသာရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့သတင်းအချက်အလက်တွေအရ သိရပါတယ်။ မြန်မာနိုင်ငံရဲ့နောက်ဆုံးတွေ့ရှိထားတဲ့ ပြည်တွင်းကူးစက်ခံရသူက လူနာအမှတ်(၂၆၃)ဖြစ်ပြီး အသက် ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကာ ရခိုင်ပြည်နယ်၊မောင်တောကဖြစ်ပါတယ်။ လူနာအမှတ်(၂၆၃)က ဘင်္ဂလားဒေ့ရှ်ကခိုးဝင်လာပြီး ရောဂါပိုးတွေ့ရှိခဲ့သူ လူနာအမှတ်(၂၆၂)ရဲ့သမီးဖြစ်ကာ ဖခင်ဖြစ်သူထံကကူးစက်ခံရခြင်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က