မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၃ ရက်ကနေ မေလ ၁၁ ရက်နေ့အထိ လူပေါင်း ၁၁,၈၂၂ ဦးကိုသာ COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရသိရပါတယ်။
ဓာတ်ခွဲစစ်ဆေးခဲ့သူတွေကတော့ အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူ၊ စောင့်ကြည့်လူနာနဲ့ အသွားအလာကန့်သတ်ထားသူတွေကို အဓိကစစ်ဆေးပေးခဲ့တာလည်းဖြစ်ပါတယ်။
ဒီစစ်ဆေးမှုဟာ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ရင် နည်းနေသေပေမယ့် မြန်မာနိုင်ငံမှာတော့ ရောဂါပိုးဖြစ်နိုင်ချေများတဲ့သူအားလုံးကိုတော့ စစ်ဆေးပေးနိုင်ခဲ့တယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။
“နိုင်ငံတကာစံနှုန်းနဲ့ ပြန်ကြည့်မယ်ဆိုရင်တော့ နည်းသေးတယ်လို့တော့ ပြောလို့ရတာပေါ့။ တစ်ဖက်က ပြန်ကြည့်တော့လည်း စစ်သင့်စစ်ထိုက်တဲ့လူတွေ ကတော့ လတ်တလောမှာ မလွတ်ဘဲ စစ်နိုင်တဲ့ အနေအထားတော့ရှိတယ်။ ဒါပေမယ့် ဒါက ကျေနပ်လောက်တဲ့အတိုင်းအတာမဟုတ်သေးဘူး။ ဒီထက်ပိုစစ်ဆေးနိုင်ဖို့ လိုသေးတယ်” လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ဓာတ်ခွဲနမူနာတွေကို အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာန (NHL)၊ ဆေးသုတေသနဦးစီးဌာနနဲ့ နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ဓာတ်ခွဲဌာနတို့က တစ်နေ့ကို ပျှမ်းမျှ ဓာတ်ခွဲနမူနာ ၃၀၀ ကနေ ၅၀၀ ကြား စစ်ဆေးပေးနေတာလည်းဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဓာတ်ခွဲနမူနာတွေကို ပိုမိုစစ်ဆေးနိုင်ဖို့ မန္တလေးတိုင်း၊ မွန်ပြည်နယ်တို့မှာလည်း ဓာတ်ခွဲခန်းတွေ ထားရှိစစ်ဆေးသွားနိုင်ဖို့ စီစဉ်နေပြီး ဘယ်လိုလူတွေကို ဓာတ်ခွဲနမူနာယူ စစ်ဆေးမလဲဆိုတာကိုတော့ COVID-19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီ က ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
“ ဓာတ်ခွဲနမူနာတွေကို ပိုမိုစစ်ဆေးပေးနိုင်ဖို့အတွက် ဗဟိုကော်မတီက ဆုံးဖြတ်မှာပါ။ ဓာတ်ခွဲနမူနာယူတဲ့နေရာမှာ တိကျမှန်ကန်ဖို့ လိုတယ်။ တိုင်းနဲ့ ပြည်နယ်အနှံ့က ဓာတ်ခွဲနမူနာသယ်ယူပို့ဆောင်တဲ့အခြေအနေကို လည်း ပြန်ကြည့်ရမယ် ။ အလုံးစုံသုံးသပ်တဲ့ အစည်းအဝေးတစ်ခုကိုတော့ လုပ်နေတယ်” လို့ ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) မှာ တစ်ရက်ကို လူ တစ်ထောင်ကျော်ခန့် စစ်ဆေးပေးနိုင်တဲ့ စက်အစ်ရှိနေပေမယ့် ဓာတ်ခွဲနမူနာရယူနိုင်ဖို့ နည်းပါးနေသေးတဲ့အတွက် အပြည့်အဝလည်ပတ်နိုင်ခြင်းမရှိသေးဘူးလို့ ဒေါက်တာသန်းနိုင်စိုးရဲ့ပြောကြားချက်အရသိရပါတယ်။
မြန်မာနိုင်ငံမှာ (၃) လအတွင်း လူဦးရေတစ်သောင်းကျော်ကို စစ်ဆေးရာမှာ စစ်ဆေးမှုရဲ့ ၁ . ၅၂ ရာခိုင်နှုန်းက ရောဂါပိုးကူးစက်ခံထားရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အချက်အလက်တွေ အရသိရပါတယ်။
Share