ရန်ကုန်မြို့ ပြည်လမ်းမပေါ် TTC ကျောင်းနဲ့ Junction Square ကိုချိတ်ဆက်သွားလာနိုင်မယ့် မြန်မာ့ပထမဆုံး မြေအောက်လူကူလမ်းကို ပြည်ပအကူအညီမပါဘဲ ရန်ကုန်မြို့တော်စည်ပင်သာရေးကော်မတီက ဦးစီးဆောက်လုပ်မယ်လို့ သိရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်က ပြည်လမ်း၊ ပညာရေးတက္ကသိုလ်အနီးမှာ ပြုလုပ်ခဲ့တဲ့ မြေအောက်လူကူးဥမင်တံတားတည်ဆောက်ခြင်း ပန္နရိုက်အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။
“ ရန်ကုန်မြို့တော်စည်ပင်က ဦးစီးလုပ်တာပါ။ YIT ,RIT အားလုံးစုပေါင်းပြီးလုပ်တာဖြစ်ပါတယ်။ ဘက်ဂျက်က ရန်ကုန်စည်ပင်နဲ့ တိုင်းအစိုးရဘက်ဂျက်နဲ့သွားတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ အင်ဂျင်နီယာတက္ကသိုလ်ကဆင်းသော အင်ဂျင်နီယာအားလုံးစုပေါင်းပြီးလုပ်ဆောင်တာဖြစ်ပါတယ်။ ပြည်ပ အဖွဲ့အစည်း မပါပါဘူး” လို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်(၇) ဦးဝင်းမြင့်သန်းက ပြောပါတယ်။
အဆိုပါ မြေအောက်လူကူးလမ်းမှာ လုံခြုံမှုရှိအောင် CCTV တပ်ဆင်တာတွေ၊ လူသွားလူလာမပြတ်အောင် ဈေးဆိုင်ပေါင်း (၁၃) ခန်းထားရှိမှာဖြစ်ပြီး အစားအသောက်ဈေးဆိုင်တွေမဟုတ်ဘဲ လက်မှုပစ္စည်းအရောင်းဆိုင်တွေ၊ အအေးဆိုင်ရောင်းချခွင့်ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။
“ စင်ကာပူနဲ့ ကျွန်တော်တို့နဲ့ နည်းနည်းကွာပါတယ်။စင်ကာပူမှာဆို မြေအောက်ဥမင်က လူကူးဖို့ပဲ လုပ်တာဖြစ်ပါတယ်။ အခုကျွန်တော်တို့လုပ်မယ့် မြေအောင်ဥမင်က လုံခြုံရေးအတွက်ရော လူတွေ အနားယူဖို့ အတွက်ပါ ဆိုင်ခန်းတွေ ထည့်သွင်းမှာပါ” လို့ ဦးဝင်းမြင့်သန်းက ဆိုပါတယ်။
မသန်စွမ်းသူတွေ သွားလာနိုင်အောင် ဓာတ်လှေကားစနစ်၊ သာမန်ပြည်သူတွေအတွက် စက်လှေကားစနစ်၊ ရိုးရိုးလှေကားစနစ်တွေထားရှိသွားမှာဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်သွားခဲ့ရင် မြေအောက်လူကူးလမ်း မီးမပြတ်အောက် အလိုအလျောက်မီးစက်တွေ ထည့်သွင်းတပ်ဆင်သွားမယ်လို့လည်း သိရပါတယ်။
မြေအောက်လူကူးလမ်းအကျယ်မှာ ၇၇ ပေ၊ အမြင့်မှာ ၁၀ ပေရှိပြီးတော့ ရန်ကုန်တိုင်းအစိုးရနဲ့ မြို့တော်စည်ပင် ဘက်ဂျက်ကနေ ကျပ်ဘီလီယ ၂ ဒဿမ ၁၅ ဘီလျံအသုံးပြုတည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
“ ဒီနေရာက ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှု အများဆုံးနေရာဖြစ်တယ်။ လမ်းကူးတဲ့အခါ ထိခိုက်အန္တရာယ်များတယ်။ ဒီမြေအောက်လူကူးလမ်းကြောင့် ယာဉ်ကြောကျပ်တည်းမှုအပြင် ပြည်သူတွေ လမ်းကူးတဲ့အခါ အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကူးနိုင်မှာ ဖြစ်ပါတယ်” လို့ ဦးဝင်းမြင့်သန့်က ဆိုပါတယ်။
အဆိုပါ မြေအောက်လူကူးလမ်းတည်ဆောက်ခြင်းကြောင့် ဖေဖော်ဝါရီ ၂၅ ရက်ကစတင်ကာ ကားလမ်းလွှဲပြီးမောင်းနှင်နိုင်အောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Share