နေတိုးဟာ အဆိုတော်လွှမ်းပိုင်၊ နီနီခင်ဇော်တို့နဲ့ အတူ မကြာခင်မှာ ရုပ်ရှင်ကားကြီးရိုက်ကူးတော့မယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ သူ့ရဲ့ ပရိသတ်တွေ ၁၀၀ ရာခိုင်နှုန်း စိတ်ဝင်စားစေမယ့် ဇာတ်ကားဖြစ်တယ်လို့ ပြောလာပါတယ်။
သရုပ်ဆောင်နေတိုးက မကြာခင်မှာ ‘’အိပ်မက်ကာရံ’’ ဆိုတဲ့ ရုပ်ရှင်ကားကြီးကို လွှမ်းပိုင်၊ နီနီခင်ဇော်တို့နဲ့ အတူ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် ရွေးချယ် လက်ခံဖြစ်တဲ့အကြောင်းကိုလည်း မီဒီယာတွေကနေတဆင့် အခုလို ပြောပြလာပါတယ်။
‘’ စီစဉ်နေတာကတော့ တစ်နှစ်ကျော်လောက်ရှိပြီ။ အနုပညာပိုင်းအရ ခက်ခဲမှုရှိနေတဲ့ ဇာတ်လမ်းအမျိုးအစား ဆိုတော့ ကျွန်တော်တို့ သေချာတဲ့အခါကျရင်တော့ ပြောမှာပါ။ လောလောဆယ်တော့ ရိုက်ကူးဖို့အတွက်က သေချာသလောက်တော့ဖြစ်ပါပြီ။ ဒါပေမယ့် ဇာတ်လမ်းတည်ဆောက်မှုအပိုင်း ဇာတ်ညွှန်းကိုလည်း ကျွန်တော်တို့ သေသေချာချာဆွေးနွေးနေတုန်းပါ’’ဆိုပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့ညက ‘’အထက်တန်းစား’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Myanmar Acedmy
ဒီဇာတ်ကားမှာတော့ အဆိုတော်တွေလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ဂီတကို အခြေခံပြီးရိုက်ကူးသွားမယ့် ဇာတ်ကားဖြစ်တယ်လို့ နေတိုးက ပြောပါတယ်။ ဒီဇာတ်ကားကတော့ သူ့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
‘’ ဂီတကို အခြေခံပြီးရိုက်တဲ့ဇာတ်လမ်းပေါ့နော်။ ရိုက်ချင်တဲ့ဇာတ်လမ်းအမျိုးအစားကလည်း မြန်မာပြည်မှာ သိပ်ပြီးတော့ ရိုက်လေ့ ရိုက်ထမရှိတဲ့ ပုံစံမျိုးဖြစ်နေတဲ့အခါကျတော့ ကျွန်တော့်လို ကာရိုက်တာအသစ်အဆန်းကို စိတ်ဝင်စားတဲ့လူတစ်ယောက်၊ ကာရိုက်တာအသစ်အဆန်းကို ကြည့်ချင်တဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေအတွက်တော့ ၁၀၀ ရာခိုင်နှုန်း စိတ်ဝင်စားမှုရှိနိုင်မယ့် ဇာတ်လမ်း အမျိုးအစားပါ။ ကားရိုက်ဖို့အတွက်ကတော့ အကုန်လုံးသေချာပြီ။ ရိုက်မယ့်ရက်ကတော့ မသတ်မှတ်ရသေးဘူး။ ရိုက်မယ့်ရက်ကိုတော့ ညှိနှိုင်းနေတုန်းပါ’’လို့ သူကဆိုပါတယ်။
နေတိုးဟာ အခုချိန်မှာတော့ မြန်မာနိုင်ငံက သရုပ်ဆောင် မင်းသားတွေထဲမှာ ထိပ်တန်းစာရင်းဝင် မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူဟာ သရုပ်ဆောင် အသစ်တွေနဲ့အတူတူ ရုပ်ရှင်ရိုက်ကူးရမယ့် ခံစားချက်ကို အခုလို ပြောပြလာပါတယ်။
‘’ ကျွန်တော်တို့ အနုပညာလောကမှာ သရုပ်ဆောင်အသစ်တွေ အများကြီးပေါ်ထွန်းလာဖို့အတွက် လိုအပ်တယ်ပေါ့နော်။ ကျွန်တော်တို့ ဒီလောကကို စဝင်တဲ့အချိန်တုန်းကလည်း အနုပညာရှင်ကြီးတွေကပဲ လက်တွဲခေါ်ယူခဲ့တာပေါ့နော်။ ဒါကြောင့် နောက်ထပ်မျိုးစက်သစ်တွေကိုလည်း စီနီယာတွေကပဲ လက်တွဲခေါ်ယူရမှာပေါ့။ ဒီလို လက်တွဲခေါ်ယူတာကလည်း အနုပညာမျိုးစေ့ချပေးတယ် ဆိုတဲ့ သဘောလို့ ပြောချင်ပါတယ်။ သရုပ်ဆောင်အဟောင်းတွေ၊ အသစ်တွေအတူတွဲပြီး အမြင်ဆန်းအောင် တည်ဆောက်ပြချင်တယ်ပေါ့နော်’’ လို့ ဆက်လက်ပြောပြလာပါတယ်။
‘’အိပ်မက်ကာရံ’’ရုပ်ရှင်ကားကြီးကိုတော့ 7thSense Film Production က ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကိုတော့ မိုးနီလွင်နဲ့ နီနီခင်ဇော်တို့က ရေးသားထားတာပါ။ ဇာတ်ကားအတွက် ဇာတ်ညွှန်းကိုတော့ မိုးနီလွင်ကပဲ ရေးသားမှာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ရုပ်ရှင်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးမှာဖြစ်ပါတယ်။ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။