ဆင်းရဲမွဲတေမှုလည်း ထက်ဝက်ကျဆင်း

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကလည်း ၂၀၀၅ ခုနှစ်က ၄၈ ဒဿမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်မှာတော့ ၂၄ ဒဿမ ၈ ရာခိုင်နှုန်းကို ထက်ဝက်ကျဆင်းခဲ့ပြီး အစိုးရရဲ့ ကြိုးပမ်းမှုတွေ အကျိုးရလဒ်ကောင်းတွေ ထွက်ပေါ်လာနေပြီလို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Photo- Myannmar State Councellor Office

(၇၄) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်ခေါင်းဆောင် အဖွဲ့ခေါင်းဆောင် အဖြစ် တက်ရောက်မိန်ခွန်းပြောကြားရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လျင်မြန်တဲ့ စီးပွားရေးတိုးတက်မှုတွေ ရှိလာခဲ့ပြီး စီးပွားရေးလျင်မြန်စွာ တိုးတက်မှု အရှိဆုံး ဒေသတွင်း နိုင်ငံများထဲမှာ တစ်ခုအပါအဝင် ဖြစ်လာတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ရာသီဥတုဒဏ်ခံနိုင်ပြီး ကာဗွန်ထုတ်လွှတ်မှုနည်းပါးတဲ့ အသိုက်အဝန်းတစ်ခုအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာနေတယ်လို့ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း နိုင်ငံရေးပါတီအသီးသီးက ပေးပို့လာတဲ့ပြင်ဆင်ရမယ့် အချက်ပေါင်း (၃၇၀၀) ကျော်ကိုစုစည်းပြီး တွေ့ရှိချက်တွေ အပေါ်မှာ အခြေခံတဲ့ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို ဆက်လက်တင်သွင်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

Photo- Myannmar State Councellor Office

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေးမြင့်ပညာရေး၊ နိုင်ငံစုံဆက်ဆံမှုစနစ်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စ၊ ဒီမိုကရေစီစနစ်ကို ကူးပြောင်းရေး၊ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ် ခိုင်မာစွာ အမြစ်တွယ်ဖို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အပြုသဘောနည်းလမ်းနဲ့ လက်တွဲဆောင်ရွက်သွားကြဖို့ ဖိတ်ခေါ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိဂုံးချုပ် ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က