မတ်လ ၁၅ ရက်နေ့က စပြီး ပြသသွားမှာပါ။

မြန်မာ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှာ တစ်ပြိုင်နက် ပြသသွားမယ့် တာတူးရုပ်ရှင်ကားကြီးရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြပေးမယ်နော်။ ဒီဇာတ်ကားထဲမှာ ပရိသတ်အချစ်တော် နေတိုး၊ လွင်မိုးနဲ့ သက်မွန်မြင့်တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo: Lucky 7



ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ‘’တာတူး’’ ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ ၁၅ ရက်နေ့မှစပြီး မြန်မာနိုင်ငံ အပါအဝင် စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ တစ်ပြိုင်နက် ရုံတင်ပြသသွား မယ်လို့ Lucky 7 ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ထုတ်လုပ်သူ ကိုအုန်းဝင်းက ပြောပြထားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပရိသတ်အချစ်တော် နေတိုးကို ကာရိုက်တာ ၂ မျိုးနဲ့ တွေ့ရမှာပါ။ သူ့ရဲ့ ဇာတ်ကောင်နာမည်ကတော့ တာတူး(ခ) တိုးရာဇာဖြစ်ပါတယ်။ သူ့မှာတော့ ချမ်းမြေ့သော်တာ ဆိုတဲ့ ဇနီးတစ်ယောက်ရှိပါတယ်။ သူမကတော့ အကယ်ဒမီ သက်မွန်မြင့် ဖြစ်ပါတယ်။ တာတူးနဲ့ ချမ်းမြေ့တို့ ဇနီးမောင်နှံဟာ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းကို အတူတကွ လုပ်ဆောင်နေကြသူဖြစ်ပါတယ်။ 

Photo: Lucky 7

တာတူးနဲ့ ချမ်းမြေ့သော်တာတို့ဟာ မိဘနှစ်ပါးစလုံး မရှိတော့ပေမယ့် ကျန်ရှိခဲ့တဲ့ အမွေတွေကြောင့် ပြည့်ပြည့်စုံစုံ နေထိုင်နိုင်ကြပြီး ကိုယ်ပိုင်စီးပွားရေးကို အတူတူဆောင်ရွက်နေကြသူတွေပါ။ ချမ်းမြေ့သော်တာမှာတော့ ကြောက်ချစ်ရိုသေရတဲ့ ဖိုးသာထူးဆိုတဲ့ အစ်ကို အကြီးဆုံးတစ်ယောက်ရှိပါတယ်။ သူကတော့ အကယ်ဒမီလွင်မိုးပါ။ မိဘနှစ်ပါး မဆုံးခင်က ညီမဖြစ်သူကို စောင့်ရှောက်ဖို့ မှာကြားထားတာကြောင့် တာတူးနဲ့ ချမ်းမြေ့သော်တာတို့ အိမ်မှာပဲ နေထိုင်တာဖြစ်ပါတယ်။

ချမ်းမြေ့သော်တာက ဖက်ရှင်အသစ်အဆန်းတွေ ဖန်တီးရင် တာတူးက အရောင်အစပ်တွေကို ရွေးချယ်ပေးလေ့ရှိပါတယ်။ ချမ်းမြေ့သော်တာရဲ့ ဖက်ရှင်အပြင်အဆင်တွေအပေါ်မှာလည်း တာတူးကိုယ်တိုင်ပဲ မော်ဒယ်တစ် ယောက်အဖြစ် နေပေးလေ့ရှိပါတယ်။ ဒါကလည်း တာတူးဟာ ကပ်စေးနဲလွန်းတာရော၊ အိမ်မှာ ဧည့်သည်များတာကို မကြိုက်ခြင်းကြောင့်သာ ဖြစ်ပါတယ်။ တာတူးရဲ့ ကပ်စေးနဲတဲ့ အကျင့်တွေနဲ့ လက်ဖွာလွန်းတဲ့ ဖိုးသာထူးတို့ဟာ တစ်နေ့ တစ်နေ့ ရန်မဖြစ်ရရင် မနေနိုင်ကြသူတွေဖြစ်ပါတယ်။

Photo: Lucky 7

တစ်နေ့မှာတော့ ချမ်းမြေ့တစ်ယောက် မိန်းမဟော်မုန်းလျှော့နည်းနေလို့ အားနည်းနေချိန်မှာ ဆေးကုသမှုခံယူရမယ့် အနေအထားတွေ ရောက်လာပါတယ်။ ဇနီးဖြစ်သူက ဆေးထိုးအပ်မြင်ပြီး သတိလစ်သွားတဲ့အတွက် ထိုးရမယ့် ဆေးကလည်း ဈေးကြီးလွန်းတာကြောင့် သူကိုယ်တိုင်ပဲ ဆေးတွေ အကုန်ထိုးပစ်လိုက်ပါတော့တယ်။ အဲဒီမှာ တာတူးရဲ့ ကိုယ်ခန္ဓာထဲကို မိန်းမဟော်မုန်းဆေးတွေဝင်သွားပြီး မိန်းကလေးစိတ်ပေါက်သွားပါတော့တယ်။

Photo: Lucky 7

ဒီအချိန်ကစပြီး တာတူး တစ်ယောက် ချမ်းမြေ့အပေါ် သူငယ်ချင်းတစ်ယောက်လိုသာ သဘောထားပြီး ယောက်ဖဖြစ်သူ ဖိုးသာထူးကို တိတ်တခိုးနဲ့ ချစ်နေမိပါတော့တယ်။ ဒါကိုသိတဲ့ ချမ်းမြေ့နဲ့ ဖိုးသာထူးတို့ မောင်နှမကလည်း တာတူးအတွက် ဆေးကုသပေးခဲ့ပေမယ့် အခြေအနေတွေက ပိုဆိုးလာတာကြောင့် ဖိုးသာထူးတစ်ယောက် တာတူးကို အမြဲတမ်းရှောင်ပြေးခဲ့ရပါတယ်။

မိန်းကလေးစိတ်ပေါက်သွားတဲ့ တာတူးနဲ့ တာတူးကိုမြင်တိုင်း ထွက်ပြေးနေရတဲ့ ဖိုးသာထူးတို့ရဲ့ အဖြစ်အပျက်လေးကလည်း ဇာတ်လမ်းမဆုံးခင်အထိ တကယ်ကို ပျော်စရာကောင်းသလို၊ ရယ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေလည်း အများကြီး ပါဝင်ပါသေးတယ်။

Photo: Lucky 7

တာတူးရုပ်ရှင်ဇာတ်ကားကို လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ကျော်ဇောလင်း အတွေးပုံရိပ်က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လွင်မိုး၊ နေတိုး၊ သက်မွန်မြင့် နဲ့ နောက်ထပ် ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်များစွာတို့က ပါဝင်ထားကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က