ကလေး ၆ သိန်းကျော်ဟာ ဘေးအန္တရာယ်ရှိ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရတာပါ။

မြန်မာနိုင်ငံမှာ ၂၀၃၀ အတွင်း ကလေးအလုပ်သမားပပျောက်ဖို့ ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) တို့ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားကနေ သိရပါတယ်။

ကလေးဦးရေ ၁၂ သန်းရှိတဲ့အနက် ၆ သိန်းကျော်လောက်ဟာ ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြရပြီး ကလေးအလုပ်သမားပပျောက်ရေးအတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ၁၅ နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့သိရပါတယ်။



လက်ရှိ ကလေးလုပ်သားအများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ကလေးလုပ်သားလျှော့ချအောင် ဆောင်ရွက်မယ်လို့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောဆိုလိုက်ပါတယ်။

“ လုပ်ငန်းခွင်အတွင်းရှိနေတဲ့ကလေးတွေကို ဖယ်ရှားရမယ့် နည်းလမ်းတွေ၊ ကလေးတွေရဲ့ ဝင်ငွေတွေမှာ အစားထိုးဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့နဲ့ ပညာသင်ကြားရေးအခွင့်အလမ်းတွေကို ဖန်တီးပေးဖို့ စီစဉ်နေတာပါ။” လို့ ဦးညွှန့်ဝင်းက ကမ္ဘာ့အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ မှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် အသက် ၁၄ နှစ်အောက် ကလေးတွေကို ဘယ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် အတင်းအဓမ္မအလုပ်စေခိုင်းတာရှိရင် ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ အရေးယူသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြား ကလေးဦးရေ ၁၂ သန်းလောက်ရှိပြီး အဲဒီထဲက ၁၀ ရာခိုင်နှုန်းလောက်က ကလေးလုပ်သားတွေ ဖြစ်နေကြရတာပါ။

ကလေးလုပ်သား ၂၄ ရာခိုင်နှုန်းလောက်ဟာ ကိုယ်ခန္ဓာ၊ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဘေးအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေကြရပြီး စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေး၊ လက်လီနဲ့ လက်ကားဖြန့်ဖြူးရောင်းချရေး၊ မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က