ကူဝိတ်နိုင်ငံမှာ အိမ်အကူသွားလုပ်မယ်ဆိုပြီး မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။

ကူဝိတ်နိုင်ငံမှာ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ရန် နီပေါနိုင်ငံကနေ အိန္ဒိယကိုဖြတ်ပြီး မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ နီပေါနိုင်ငံသူ အမျိုးသမီးကို ကူညီကယ်ဆယ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

Photo - ရဲဇာနည်



ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် ညနေ ၅ နရီခွဲလောက်က နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေက ရန်ကုန်မြို့ တည်းခိုခန်းတစ်ခုမှာ ရောက်ရှိနေတဲ့ နီပေါနိုင်ငံသူ အမျိုးသမီးတစ်ဦး အကူအညီလိုအပ်နေတာကြောင့် ရှာဖွေကယ်တင်ပေးဖို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စုံစမ်းခဲ့ရာ အဆိုပါ နီပေါအမျိုးသမီးကို ပုဇွန်တောင်မြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခုမှာ ဖေဖော်ဝါရီ ၅ ရက်နေ့ ည ၉ နာရီခန့်မှာတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

နီပေါအမျိုးသမီးကို စစ်ဆေးမေးမြန်းရာ လွန်ခဲ့တဲ့ ၁ လခန့်က ကူဝိတ်နိုင်ငံမှာ အိမ်ဖော်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ အဆက်အသွယ်ရခဲ့ပြီး အိမ်ဖော်အလုပ်လုပ်ဖို့ စည်းရုံးခဲ့တာကြောင့် သွားရောက်လုပ်ကိုင်ဖို့ နီပေါမှ ပွဲစားတစ်ဦးနဲ့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါပွဲစားက အမျိုးသမီးကို နီပေါကနေ အိန္ဒိယကိုဖြတ်ပြီး မြန်မာနိုင်ငံ၊ တမူးမြို့သိုု့ပို့ဆောင်ခဲ့ကာ ထိုမှတစ်ဆင့် ဇန်နဝါရီ ၂၂ ရက်မှာ ရန်ကုန်မြို့ကို ဆက်လက်ပို့ဆောင်ခဲ့ရာ ယခုတည်းခိုနေတဲ့ နေရာကိုရောက်ရှိခဲ့တယ်လို့ ပြောပါတယ်။

နီပေါနိုင်ငံသူ အမျိုးသမီးမှာ တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ လာရောက်ခဲ့ပေမယ့် ခေါ်လာတဲ့ပွဲစားနဲ့ ဖေဖော်ဝါရီလ ၄ ရက်မှစပြီး အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် နေရပ်ကိုပြန်လိုတာကြောင့် နီပေါရှိ အစ်ကိုဖြစ်သူထံ အကြောင်းကြားခဲ့ရာမှ အစ်ကိုဖြစ်သူက နီပေါနိုင်ငံရှိ မြန်မာသံရုံးသို့ ဆက်သွယ် အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ နီပေါနိုင်ငံသူ အမျိုးသမီးကို မြန်မာနိုင်ငံ ဂေါ်ရခါးအမျိုးသမီးရေးရာအဖွဲ့ရဲ့ အကူအညီဖြင့် စောင့်ရှောက်ထားပြီး နီပေါနိုင်ငံသံရုံးသို့ ဆက်သွယ် အပ်နှံသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က