မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်အတွင်း မိခင်သေဆုံးမှုဟာ ၁၅၀၀ ဦး ဝန်းကျင်ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်အရောက်မှာတော့ သေဆုံးမှု ၈၀၀ လောက်အထိပဲရှိတော့တာကြောင့် လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။
Photo - UNFPA
မြန်မာနိုင်ငံမှာ မိခင်သေဆုံးမှုနဲ့ ကလေးသေဆုံးမှုလျော့ချဖို့အတွက် မိခင်တွေအနေနနဲ့ စနစ်တကျ သားဆက်ခြားနည်းလမ်းကိုသုံးပြီး ကလေးတစ်ယောက်နဲ့ တစ်ယောက် ၃ နှစ်ခြားလောက်မှသာ မွေးကြမယ်ဆိုရင် မိခင်နဲ့ ကလေးသေဆုံးမှုနှုန်း လျော့ကျသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမြင့်ထွေးက နိုင်ငံပိုင်သတင်းဌာနနဲ့ အင်တာဗျူးဖြေမှာ ပြောကြားပါတယ်။
လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းနဲ့ သုံးလခံသန္ဓေတားထိုးဆေးတွေကို ကျပ်သန်းပေါင်း ၈၀၀၀ သုံးစွဲပြီး အခမဲ့ ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဏုအဟာရစစ်တမ်းအရ သွေးအားနည်းရောဂါဖြစ်ပွားမှုဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ၄၀ ရာခိုင်နှုန်းနဲ့ အသက် ၅ နှစ်အောက် ကလေးတွေမှာ ၃၅ ရာခိုင်နှုန်းအထိရှိနေတာကြောင့် လက်မခံနိုင်လောက်တဲ့ အတိုင်းအတာဖြစ်နေတယ်လို့ဆိုပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေသံဓါတ်ပါဝင်တဲ့ ဆေးပြားတွေ လေးကြိမ်နဲ့အထက်ရရှိဖို့ဆောင်ရွက်နေပြီး ဒါဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နံပါတ် ၁ ဦးစားပေးဖြစ်တယ်လို့ ဝန်ကြီးကပြောပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အရေအတွက်ဟာ ၂၀၁၆ ခုနှစ်တုန်းက ၆.၈ သိန်းရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၇.၅ သိန်းရှိလာခဲ့တယ်လို့ဆိုပါတယ်။ ဆေးရုံတွေမှာ မွေးတဲ့ နှုန်းက ၂၀၁၆ ခုနှစ်တုန်းက ၃.၉ သိန်းရှိရာကနေ ၂၀၁၈ ခုနှစ်မှာ ၄.၅ သိန်းရှိလာခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။