ပိုင်ဖြိုးသုဟာ လန်ဒန်မြို့မှာ လျှောက်လည်နေရင်း မြန်မာမိန်းကလေးပီပီ မြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုးဝတ်ဆင်ရင်း အပြင်ထွက်ဖြစ်တယ်လို့ ဆိုပါတယ်။
Photo: Paing Phyo Thu
ပိုင်ဖြိုးသုက လက်ရှိမှာတော့ လန်ဒန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ လန်ဒန်မြို့က အလှအပတွေကို လည်ပတ်ကြည့်ရှုနေချိန်မှာတော့ သူမဟာ မြန်မာဝတ်စုံလေးကို အမြတ်တနိုးနဲ့ ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။
‘’Windsor Castle တဝိုက်လျှောက်လည်။ အနွေးထည်ဝတ်လိုက်ရင်မြန်မာအကျႌလေးဖုံးသွားမှာစိုးလို့ မဝတ်ပဲ အအေးဒဏ်ကိုအန်တုထားရတာ အေးတော့အေးတာပေါ့ ဒါပေမယ့်မအေးဘူး ပေါ့’’ ဆိုပြီးတော့ မေလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Paing Phyo Thu
ပိုင်ဖြိုးသု က ‘’မီ’’ ရုပ်ရှင်ဇာတ်ကားကြီးကို လန်ဒန်မြို့မှာ ပြုလုပ်တဲ့ ASEAN Film Festival 2019 မှာ အောင်အောင်မြင်မြင်ပြသနိုင်ခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ပရိသတ်အများကြီးကလည်း လာရောက်အားပေးခဲ့ကြပါတယ်တဲ့။
‘’မနေ့က London မြို့ SOAS Universityမှာ ကျင်းပတဲ့ ASEAN Film Festival မှာသုသုတို့ရဲ့ 'မီ'ရုပ်ရှင်ပြသခွင့်ရခဲ့ပါတယ်။ မြန်မာသံအမတ်ကြီးမိသားစုနဲ့တကွ ရုံပြည့်လာရောက်အားပေးခဲ့ကြတဲ့ ပရိတ်သတ်အားလုံးကို သုသုတို့ကကျေးဇူးအများကြီးတင်ကြောင်းပြောပါရစေရှင့်။ နောက်နောင်လည်း သုသုတို့လိုအပ်ချက်တွေ ကိုတတ်နိုင်သမျှဖြည့်ဆည်းလို့ ပိုမိုကောင်းမွန်တဲ့ရုပ်ရှင်တွေထုတ်လုပ် ဖန်တီးနိုင်အောင်ကြိုးစားသွားပါ့မယ်’’ ဆိုပြီးတော့ မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Paing Phyo Thu
မီ ရုပ်ရှင်ဇာတ်ကားကိုတော့ London မြို့မှာရှိတဲ့ Brunei Gallery Lecture Theatre မှာ မေလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှာ က ပြသခဲ့တာဖြစ်ပါတယ်။ မီ ရုပ်ရှင်ဇာတ်ကားဟာ ဧပြီလ ၂၇ ရက်နေ့က မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ASEAN International Flim Festival 2019 ပွဲကြီးမှာလည်း Best Director Of Photography ဆုကို ဒါရိုက်တာ ဏကြီးက ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
မီ ရုပ်ရှင်ဇာတ်ကားကြီးကို ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ ရဲအောင်၊မင်းဦး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။