အမျိုးသမီးနဲ့ နွမ်းပါးသူတွေကို ဒေသထွက်ကုန် ရောင်းချနိုင်အောင် သင်တန်းပေးနေတာပါ။

မွန်ပြည်နယ်အတွင်းက အခွင့်အလမ်းနည်းပါးတဲ့ အမျိုးသမီးတွေနဲ့ နွမ်းပါးသူတွေအတွက် ရည်ရွယ်ပြီး ဒေသထွက်ကုန်တွေကို အခြေခံကာ ကုန်ပစ္စည်းထုတ်လုပ်နိုင်ရန် သင်တန်းတွေ ပို့ချပေးနေတယ်လို့ သိရပါတယ်။

Photo SFY- မုဒုံမြို့ရှိ အထည်ရက်လုပ်သည့် လုပ်ငန်းမှ အမျိုးသမီးတစ်ဦး

အာရှလမ်းမကြီး တည်ဆောက်ပြီးစီးသွားပါက “အရှေ့-အနောက်စီးပွားရေးစြက်န်ဒေသများရှိ နွမ်းပါးသူများနှင့် အမျိုးသမီးတွေအတွက် စီးပွားရေး အဆင်ပြေစေရန် ပေါင်းကူးစီမံကိန်း” အရ မွန်ပြည်နယ်၊ ဒေသ ၄ ခုမှာ ကိုယ်ပိုင် အမှတ်တံဆိပ်ကုန်ပစ္စည်းတွေကို ထုတ်လုပ်နိုင်အောင် လုပ်ဆောင်ပေးနေတာပါ။ မွန်ပြည်နယ် ချောင်းဆုံ၊မော်လမြိုင်၊မုဒုံနဲ့ ကျိုက်ထိုဒေသတွေမှာ (Made In Mon) အမှတ်တံဆိပ်နဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချနေပြီလို့လည်း ဆိုပါတယ်။

ကုန်ပစ္စည်းတွေမှာ မွန်ဒေသရဲ့ အမွေအနှစ်ကို အခြေခံကာ ဒေသထွက် ကုန်ကြမ်းတွေနဲ့ ပြုလုပ်ထားပြီး သဘာဝဆိုးဆေးအသုံးပြုထားတဲ့ လက်ရက်ချည်ငင်နှင့် အဝတ်တွေ၊ ဝါးနဲ့ ပြုလုပ်တဲ့ လက်မှုပစ္စည်းတွေ၊ လက်နဲ့ ပြုလုပ်တဲ့ သဘာဝဆပ်ပြာတွေ၊ ဆန်းသစ်ဖန်တီးထားတဲ့ မြန်မာအကြိုက် အရသာတွေ၊ ဘီစကစ်မုန့်တွေနဲ့ သစ်သီးယို၊ သစ်သီးခြောက်တွေကို ထုတ်လုပ်ရောင်းချနေတယ်လို့လည်း သိရပါတယ်။

Photo- SFY ( သဘာဝ ဆပ်ပြာများ)

အဆိုပါ စီမံကိန်းကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတို့ ဦးဆောင်အကောင်အထည်ဖော်ပေးနေကာ ဂျပန်နိုင်ငံ ဆင်းရဲမှုလျှော့ချရေးအတွက် ရန်ပုံငွေ အဖွဲ့အစည်း (JFPR) နဲ့ အာရှဖွံဖြိုးရေး (ADB) တို့ က ပူးပေါင်းပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

“ ဒေသ ၄ ခုက ရွာ ၁၈ ရွာမှာ စလုပ်ပေးခဲ့တယ်။ အခုတော့ ရွာပေါင်း ၂၀ ကျော်ရှိလာပါပြီ။ သူတို့အတွက် နည်းပညာသင်တန်းတွေလည်း ပို့ချပေးခဲ့တယ်။ ဒေသအလိုက် ကုန်ကြမ်းတွေ ပေါ်မူတည်ပြီး ကျွန်မတို့က ထုတ်ကုန်တွေ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပေးတာပါ” လို့ က စီမံကိန်း ရဲ့ ဦးဆောင်သူ ဒေါ်ဌေးဌေးအောင် ပြောပါတယ်။

ဒီစီမံကိန်းမှာ လုပ်ငန်းလုပ်ကိုင်လိုသူဒေသခံအမျိုးသမီးတွေရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုစွမ်းရည်ကို တိုးတက်စေဖို့နဲ့ မြို့ပြ ဈေးကွက်မှာ ရောင်းချနိုင်အောင် လိုအပ်တဲ့ ကုန်ပစ္စည်းဒီဇိုင်းတွေ၊ လုပ်ငန်းနှင့် ဈေးကွက်ချဲ့ထွင်ရေးအကြံဉာဏ်တွေကို အကူအညီပေးနေတာလို့ သိရပါတယ်။

Share

Loading Next Article...
က္က