မိုက်ဒိန်းဟာ ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်မှာ အခြားအသင်းတွေထက် အနီကဒ် ပိုမို ပြသထားတဲ့ ကွင်းလယ်ဒိုင်ဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် မန်စီးတီး နဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို အင်္ဂလန်ရဲ့ အတွေ့အကြုံအရှိဆုံး ကွင်းလယ်ဒိုင် မိုက်ဒိန်း တာဝန်ယူကိုင်တွယ်မယ်လို့ The Sun သတင်းဌာနက ဖော်ပြပါတယ်။
မိုက်ဒိန်းဟာ ၎င်းရဲ့ကွင်းလယ်ဒိုင် သက်တမ်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အနီကဒ် ၉၉ ကဒ် တိတိ ပြသခဲ့ပြီးဖြစ်ကာ အခု ကိုင်တွယ်မယ့် မန်စီးတီးနဲ့ ချဲလ်ဆီးတို့ တစ်သင်းစီမှ ကစားသမား ၉ ဦးအထိကို အနီကဒ်ပြသခဲ့ဖူးပါတယ်။
နှစ်သင်းစလုံးမှ ၉ ဦးအထိ အနီကဒ်ပြသခံထားရတဲ့စံချိန်က အခြားသော အသင်းတွေထက် ပိုများနေတယ်လို့လည်း သိရပါတယ်။ မိုက်ဒိန်းက နယူးကာဆယ်အသင်းမှ ကစားသမား ၇ ဦး၊ အာဆင်နယ်မှ ၆ ဦး၊ စပါး၊ စတုတ်နဲ့ ဝက်စ်ဘရွန်းတို့မှ ၅ ဦးစီနဲ့ အသီးသီးကို အနီကတ်ပြသခဲ့သူပါ။
မိုက်ဒိန်းဟာ မန်စီးတီးနဲ့ ချဲလ်ဆီး ပွဲစဉ်ကို ကိုင်တွယ်တိုင်း အနီကဒ် ပြသလေ့ရှိပြီး နောက်ဆုံး ပြသခံထားရတဲ့ ကစားသမားကတော့ မန်စီးတီး အသင်းမှ ဖေဘီယန် ဒီလပ်ဘ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဖြစ်ပါတယ်။
မိုက်ဒိန်း အနီကဒ် ပထမဆုံး ပြသခဲ့တဲ့ ပွဲကတော့ ၂၀၀၀ ခုနှစ်မှ လက်စတာနဲ့ ဆောက်သမ်တန်တို့ ကစားခဲ့တဲ့ ပွဲဖြစ်ပြီး ၁၉ နှစ်အကြာမှာတော့ ပြိုင်ပွဲရဲ့ အတော်ဆုံး ကွင်းလယ်ဒိုင်အဖြစ် သတ်မှတ်ခံလာရပါတော့တယ်။
မိုက်ဒိန်းဟာ လက်ရှိမှာ ပြိုင်ပွဲပေါင်း ၄၇၂ ပွဲ ကိုင်တွယ်ထားပြီး သူ့နောက်မှာတော့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ မာတင်ကီအွန်နဲ့ အနားယူသွားပြီ ဖြစ်တဲ့ ဂရေဟမ်ပူးလ်တို့က ၃၂၉ ပွဲနဲ့ ဒုတိယအများဆုံး ပွဲစဉ်ကြီးကြပ်ခဲ့ကြတဲ့ ကွင်းလယ်ဒိုင်တွေ ဖြစ်ပါတယ်။ ၎င်းတို့နောက်မှာတော့ ဖီးလ်ဒေါင်းက ၃၀၈ ပွဲနဲ့ မိုက်ခ်ရီလေးက ၂၈၃ ပွဲတို့ဖြင့် ပွဲအများဆုံး ကြီးကြပ်ခဲ့ကြတဲ့ ကွင်းလယ်ဒိုင်တွေအဖြစ် ရပ်တည်နေကြကြောင်း The Sun ရဲ့ မှတ်တမ်းတွေရ သိရပါတယ်။