ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်ပွဲတွေရပ်နားထားခဲ့ရပြီးတော့ ၃လအကြာမှာ ပြန်လည်ကစားခဲ့တာဖြစ်ပြီး စတာလင်က ပထမဆုံးဂိုးသွင်းယူနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။
မန်စီးတီးတောင်ပံကစားသမားစတာလင်ဟာ ပရီးမီးယားလိဂ်မှာ ဇွန်လအတွင်း ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ၁၉၄၇ ခုနှစ်နောက်ပိုင်းမှာ မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်ပွဲတွေရပ်နားထားခဲ့ရပြီးတော့ ၃လအကြာမှာ ပြန်လည်ကစားခဲ့တာဖြစ်ပြီး စတာလင်က ပထမဆုံးဂိုးသွင်းယူနိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။
မန်စီးတီးနဲ့အာဆင်နယ်ပွဲမတိုင် ဗီလာနဲ့ရှက်ဖီးပွဲကို ကစားခဲ့ပေမယ့် ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးအတွက် ပထမပို်င်းမှာ အဖွင့်ဂိုးသွင်းပေးခဲ့တဲ့ စတာလင်က နှစ်ပေါင်း ၇၃ နှစ်အတွင်း အင်္ဂလန်ရဲ့ အဆင့်မြင့်ဆုံးလိဂ်မှာ ဇွန်လအတွင်း ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဒီအရင်မှာတော့ ၁၉၄၇ ဇွန်လ ၁၄ ရက်နေ့က ကစားခဲ့တဲ့ ရှက်ဖီးနဲ့ စတုတ်ပွဲမှာ ရှက်ဖီးကစားသမားဝေါ်တာရစ်ကတ်က ဂိုးသွင်းယူခဲ့တယ်လို့ Optajoe က ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်ကို အိမ်ကွင်းမှာ မန်စီးတီးက ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး စတာလင်၊ ဒီဘရိုင်းနဲ့ ဖီးဖိုဒန်တို့က ဂိုးတွေသွင်းယူပေးခဲ့ကြပါတယ်။ အာဆင်နယ်ဘက်က ဒေးဗစ်လုဇ် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီး ၂၀၁၅ နောက်ပိုင်း တစ်ပွဲတည်းမှာ ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုးရရှိစေမယ့်အမှားကျူးလွန်မှု၊ ပယ်နယ်တီကန်သွင်းခွင့်ပေးခဲ့ကာ အနီကတ်ပြထုတ်ပယ်ခံရတဲ့ ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပြီး နောက်ဆုံးကစားသမားအဖြစ်တော့ ဝက်စ်ဟမ်းကစားသမားယန်ကင်ဆန်က မှတ်တမ်းဝင်ထားခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ မန်စီးတီးကွင်းမှာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီးတော့ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်က လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိခဲ့တဲ့နောက် အာဆင်နယ်အတွက် ပထမဆုံးအကြိမ်အဖြစ် အဆိုပါမှတ်တမ်းဆိုးကို ပြန်လည်ရရှိခဲ့တာလည်း ဖြစ်တယ်လို့ မှတ်တမ်းများအရသိရပါတယ်။
မန်စီးတီးရဲ့ နိုင်ပွဲကြောင့် အဲဗာတန်နဲ့ ကစားရဖို့ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ အဆိုပါပွဲကို အနိုင်ရရှိခဲ့ရင်တောင်မှ ဆုဖလားဆွတ်ခူးနိုင်တော့မှာမဟုတ်ပါဘူး။ မန်စီးတီးအရေးနိမ့်မှသာ မာဆေးဆိုက်ဒါဘီမှာ အဲဗတန်ကိုအနိုင်ယူပြီး လီဗာပူးလ်က ဆုဖလားဆွတ်ခူးနိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာရဲ့ အသင်းကတော့ ပြိုင်ဘက်ကို စောစောစီးစီးဖလားမရရှိအောင်တော့ ဟန့်တားသွားနိုင်ခဲ့ပါတယ်။