ဂျုဗင်တပ်အသင်းကို လေးနှစ်စာချုပ်နဲ့ ကိုင်တွယ်ဖို့သဘောတူထားတယ်ဆိုတဲ့ သတင်းတွေကို မန်စီးတီးနည်းပြ ဂွာဒီယိုလာက ငြင်းပယ်ခဲ့ပြီး မန်စီးတီးအသင်းကနေ ထုတ်ပယ်ခံရမှဖြစ်နိုင်မယ်လို့ ဝက်ဖို့ဒ်ကိုအနိုင်ရခဲ့တဲ့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
မန်စီးတီးနည်းပြ ဂွာဒီယိုလာကို ဂျုဗင်တပ်အသင်းကခေါ်ယူဖို့အတွက် နှုတ်အားဖြင့် သဘောတူခဲ့ပြီဆိုတဲ့ သတင်းတွေ အင်္ဂလန်မီဒီယာတွေမှာအတော်လေးပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမယ့် ကာယကံရှင်ကတော့ ဒီသတင်းတွေကို ငြင်းပယ်ခဲ့ပြီး မန်စီးတီးအသင်းက အထုတ်ခံရရင်တော့ ဖြစ်လာနိုင်တယ်လို့ ဝက်ဖို့ဒ်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ဒီနှစ်မှာ ကာရာဘောင်းဖလားချန်ပီယံ ဖြစ်အောင်စွမ်းဆောင်ပေးထားနိုင်သလို ဖလားအားလုံးရဲ့လမ်းကြောင်းပေါ်မှာလည်း ရှိနေပါတယ်။
“ကျွန်တော်ဒီမှာ နှစ်,နှစ်ကျော်လောက်အထိနေဖို့ ရှိနေပါတယ်။ အသင်းက မထုတ်မချင်း ထွက်ဖို့မရှိပါဘူး။ တကယ်လို့ မန်စီးတီးကသာ အလိုရှိမယ်ဆိုရင် ဒီမှ ာနှစ်အကြာကြီး ဆက်ရှိနေမှာပါ။ သေချာတာတော့ လာမယ့် နှစ်,နှစ်အတွင်း ဂျုဗင်တပ်ကို သွားဖို့မရှိပါဘူး”လို့ ဂွာဒီယိုလာက ဝက်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဝက်ဖို့ဒ်ကိုအနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေနိုင်ဆဲဖြစ်ပြီး ဒီနေ့ည လီဗာပူးလ်ပွဲ မကစားရသေးခင်မှာ ဒုတိယနေရာက လီဗာပူးလ်ကို လေးမှတ်ဖြတ်ထားနိုင်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာရခဲ့တဲ့ အဖွင့်ဂိုးက လူကျွံနေတယ်လို့လည်း ဂွာဒီယိုလာက သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံခဲ့ပြီး တောင်းပန်စကားဆိုခဲ့ပါတယ်။ နည်းပြ ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိအချိန်မှာ ကရာဘောင်းဖလားရထားသလို ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဆုဖလားတွေအတွက်လည်း လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။