ရူဒီဂါက တောင်းပန်ဖို့ ပရိသတ်ဆီလာခဲ့ပေမယ့် သူ့ကို ပရိသတ်တွေက ဆူပူကြိမ်းမောင်းခဲ့သလို တစ်ရာသီစာ လက်မှတ်ကိုလည်း သူ့ရှေ့မှာတင် လွှင့်ပစ်ပြခဲ့တာ ဖြစ်ပါတယ်။
မနေ့ညက မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းဟာ ၆ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲအပြီးမှာ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက စိတ်ဆိုးဒေါသထွက်နေတဲ့ အသင်းပရိသတ်တွေကို တောင်းပန်ဖို့ ပွဲကြည့်စင်အနီးလာခဲ့ရာမှာတော့ ပရိသတ်တစ်ဦးဟာ ဝယ်ထားတဲ့ တစ်ရာသီစာ လက်မှတ်ကို အီတီဟတ်ကွင်းထဲ ပစ်ပေါက်လွှင့်ပစ်ခဲ့တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ရူဒီဂါက ပြန်လည်ပွဲထွက်ရတဲ့နေ့မှာပဲ အသင်းက ၆ ဂိုးပြတ်ရှုံးလို့ ပရိသတ်ကို ဂျာစီလက်ဆောင်ပေးပြီး တောင်းပန်ဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။
ပရိသတ်တစ်ဦးကတော့ ရူဒီဂါကို ပြစ်တင်ဝေဖန်ခဲ့တာကိုလည်း တွေ့မြင်ရပြီး ပရိသတ်က ပစ်ပေါက်ခဲ့တဲ့ တစ်ရာသီစာ လက်မှတ်ကိုတော့ ကွင်းလုံခြုံရေးက ကောက်ယူသိမ်းဆည်းထားခဲ့တာလည်း တွေ့ရပါတယ်။ ချဲလ်ဆီးဟာ အာဆင်နယ်နဲ့ ဇန်နဝါရီ ၁၉ မှာ ကစားတုန်းက ၂-ဝနဲ့ ရှုံးခဲ့သလို နောက်ထပ် ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲမှာလည်း ၄ ဂိုးပြတ်ရှုံးခဲ့ပြန်ပါတယ်။
ဟတ်ဒါဖီးလ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ချဲလ်ဆီးပြန်လာနိုင်ပြီလို့ ထင်ခဲ့ချိန်မှာတော့ မန်စီးတီးကို ၆ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးခဲ့ပြန်လို့ နည်းပြဆာရီရဲ့ အနာဂတ်ကိုတောင် မေးခွန်းထုတ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကတော့ အခုပွဲရှုံးခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို ဆင်းပေးခဲ့ရပြီး လာမယ့် ကြားရက်မှာ ယူရိုပါလိဂ် ရှုံးထွက်ပွဲအဖြစ် မယ်လ်မိုအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။