နယူးကာဆယ်တို့ ပဲလေ့စ်တို့လို ခံစစ်ပိတ်ကစားပြီး အနိုင်ယူနိုင်ပေမယ့် အဲ့လို အနိုင်ယူရင် သူတို့နဲ့ အတူတူ ဖြစ်သွားမှာပေါ့လို့ အမ်မရီက ပြောခဲ့ပါတယ်။
ဒီကနေ့မှာ တွေ့ဆုံကစားဖို့ ရှိနေတဲ့ မန်စီးတီးအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ မိမိတို့ အာဆင်နယ်အနေနဲ့ ခံစစ်ထိုင်ပြီး ကစားသွားမှာမဟုတ်ဘူးလို့ နည်းပြ အူနိုင်းအမ်မရီက ပြောထားကြောင်း Goal.com သတင်းဌာနက ဖော်ပြလာပါတယ်။
မန်စီးတီးအသင်းအတွက် ပြီးခဲ့တဲ့ အပတ်က နယူးကာဆယ်ကို မထင်မှတ်ပဲ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ ဒီတစ်ပတ် အာဆင်နယ်နဲ့ပွဲမှာ အမှတ်ထပ်မံ ဆုံးရှုံးရင် ဒုတိယနေရာကနေ တတိယနေရာအထိ ဆင်းပေးရတော့မှာပါ။
အာဆင်နယ်အသင်းရဲ့ နည်းပြ အမ်မရီကတော့ မန်စီးတီးကို ခံစစ်ပုံစံကစားပြီး အနိုင်ယူခဲ့ကြတဲ့ နယူးကာဆယ်၊ ပဲလေ့စ်တို့လို ခံစစ်သက်သက် ကစားသွားမှာ မဟုတ်ပဲ တိုက်စစ်ဖွင့်ကစားသွားမှာလို့ ပြောခဲ့တာပါ။
“ မန်စီးတီးက အမြဲတမ်း သူတို့ရဲ့ စတိုင်လ်ကို ပွဲတိုင်း ကစားတယ်၊ အမြဲတမ်း ကိုယ့်ရဲ့ စတိုင်လ်တစ်ခု၊ ကိုယ့်ရဲ့ မူပိုင်တစ်ခုကို ကစားချင်ကြတယ်၊ ဒါပေမယ့် တစ်ခါတလေမှာတော့ ပြောင်းလဲဖို့ လိုပါတယ်။ အဲဒါကလည်း ပြိုင် ဖက်ရဲ့အခြေအနေပေါ် မူတည်ပါတယ်။ မန်စီးတီးကို နိုင်ချင်ရင် နယူးကာဆယ်၊ ပဲလေ့စ်တို့လို့ကစားပြီး အနိုင်ယူလို့ ရပါတယ်။ ဒါက ၁၀ ပွဲမှာ ၁၀ စလုံးလည်း နိုင်နိုင်ပါတယ်။ ၇ ပွဲလောက်လည်း နိုင်နိုင်ပါတယ်။ဒါပေမယ့် ဒီလိုအနိုင်ယူရင် နယူးကာဆယ်တို့ ပဲလေ့စ်တို့နဲ့အတူတူပဲ ဖြစ်သွားမှာပေါ့။” လို့ အမ်မရီက ပြောခဲ့တာပါ။
မန်စီးတီးနဲ့ အာဆင်နယ်က ရာသီအစမှာ ပထမအကျော့အဖြစ် အာဆင်နယ်အိမ်ကွင်းမှာ တွေ့ဆုံကစားထားပြီး မန်စီးတီးက ၂-၀ ဂိုးနဲ့ အနိုင်ရထားပါတယ်။