မန်စီးတီးဂျာစီကို ကြမ်းပြင်ပေါ် လွှင့်ပစ်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နောက်ခံကစားသမားကြီး ရီယိုဖာဒီနန်ကတော့ အနာဟောင်းကို တုတ်နဲ့ဆွခံရတဲ့ အမှတ်တရတချို့နဲ့ ဆုံဆည်းခဲ့တဲ့အချိန်မှာ အဲဒီအရာအပေါ် ဘယ်လောက်ထိ မုန်းတီးနေခဲ့လဲဆိုတာကို ထုတ်ဖေ်ာပြသသွားခဲ့ပါတယ်။ အဲဒါကတော့ ဆာဂျီယိုအဂူရိုရဲ့ နံပါတ် (၁၆)မန်စီးတီးဂျာစီကို လွှင့်ပစ်ခဲ့တဲ့အထိကို ဖာဒီနန်က နာကြည်းမုန်းတီးနေခဲ့တာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ကျူပီအာအသင်း နဲ့ ကစားခဲ့ရပြီး မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်နေခဲ့တဲ့ မန်စီးတီးအသင်းဟာ အဂူရိုရဲ့နောက်ဆုံးစက္ကန့် သွင်းဂိုးနဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာလည်း ဒီနေ့ထက်ထိ ထင်ရှားနေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပြီး ယူနိုက်တက်အတွက်လည်း ဆုဖလားကို လက်လွှတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ထက် ဂိုးကွာခြားချက် အသာစီး ရရှိထားခဲ့လို့ မန်စီးတီးဟာ ကျူပီအာကို အနိုင်ကစားနိုင်ရုံနဲ့ ဖလားဆွတ်ခူးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျူပီအာအသင်းက မန်စီးတီးကို ၂-၁ ဂိုးနဲ့ ဦးဆောင်ထားခဲ့ပြီး တစ်ဖက်မှာလည်း ယူနိုက်တက်က ဆန်းဒါးလန်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိနေခဲ့ပါတယ်။ ဒီအတွက် သရေကျလို့တောင် မရတော့တဲ့ အနေအထားဖြစ်ခဲ့တဲ့ မန်စီးတီးဟာ ဂျက်ကိုရဲ့ ချေပဂိုးကြောင့် နှစ်ဂိုးစီ သရေနဲ့ ပွဲပြီးဆုံးတော့မလို ဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း အဂူရိုရဲ့ ပဉ္စလက်ဆန်ဆန် သွင်းယူခဲ့တဲ့ နောက်ဆုံးစက္ကန့်သွင်းဂိုးက မန်စီးတီးကို ဗိုလ်စွဲစေခဲ့ပြီး တစ်ရာသီလုံးမှာ အမှတ်ပေးဇယားကို ရမှတ်အပြတ်နဲ့ ဦးဆောင်နေခဲ့တဲ့ ယူနိုက်တက်တို့ဟာ သူတို့ရဲ့ ဝီဂန်၊ အဲဗာတန်အသင်းတို့ကို ရှုံးနိမ့်၊ သရေကျခဲ့ရတဲ့ ခြေချော်မှုအတွက်

ပေးဆပ်ခဲ့ရပြီး မြို့ခံပြိုင်ဘက်ကို ဖလားလွှဲပေးခဲ့ရပါတယ်။



https://youtu.be/1IxV848WYW4



အောက်ဖော်ပြပါ ဗီဒီယိုမှာ ရီယိုဖာဒီနန်က ဒီဖြစ်ရပ်အပေါ် ဘယ်လောက် မုန်းတီးနေလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဂူရိုရဲ့ ဂျာစီကို ကိုင်ထားရင်းနဲ့ ဖာဒီနန်က "အဲဒီအချိန်တွေကို ပြန်မသွားချင်စမ်းပါနဲ့တော့၊ တကယ့်ကို ဆိုးရွားတဲ့ အခိုက်အတန့်ဖြစ်ခဲ့တာပဲ၊ ငါတို့ဖလားရပြီလို့ ကျွန်တော်က တွေးနေခဲ့တာ၊ ဆန်းဒါးလန်းကို အနိုင်ရအပြီးမှာ အားလုံးက ငါတို့တွေ အနိုင်ရပြီ၊ ငါတို့တွေ အနိုင်ရပြီလို့ ပြောနေခဲ့တာ"


"အဲဒီနေက်မှာ ရုတ်တရက်ဆိုသလို ဆန်းဒါးလန်းပရိသတ်တွေက အရူးအမူးကြီး ထအောင်ပွဲခံခဲ့ကြတယ်၊ ဒီအတွက် သူတို့တွေ အနိုင်ဂိုးသွင်းသွားပြီဆိုတာ သိလိုက်ရပါတယ်" လို့ ဖာဒီနန်က အဲဒီတုန်းက အဖြစ်တွေကို ပြန်ပြောပြခဲ့ပြီးမှာ အဂူရိုရဲ့ မန်စီးတီးဂျာစီကို လွှင့်ပစ်ခဲ့ပါတော့တယ်။ လွှင့်ပစ်ခဲ့တဲ့ အချိန်မှာ ဖာဒီနန်ဟာ ဒေါသအမျက်ထွက်နေခဲ့တာကိုလည်း တွေ့မြင်ရမှာပါ။

မန်ချက်စတာမြို့ခံပြိုင်ဘက်နှစ်သင်းကြား အငြိုးအတွေးတွေ၊ အမုန်းတရားတွေနဲ့ ပြိုင်ဆိုင်မှုတွေ ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာ ဖြစ်ပြီး ကိုယ်စားပြုအသင်းအပေါ်ကိုလည်း ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးလဲဆိုတာကိုလည်း ဘောလုံးပရိသတ်တွေ သဘောပေါက်ကြမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က