မြတ်ကေသီအောင်ဟာ သူမရဲ့ မိတ်ဆွေတွေနဲ့ အတူစုပေါင်းပြီး ကျိုက်ဝိုင်းမှာရှိတဲ့ Disabled Care Centre အတွက် ငွေကျပ် ၂၅ သိန်း လှူခဲ့တယ်လို့ သိရပါတယ်။ ဒီအလှူမှာ ကြုံတွေ့ခဲ့ရတဲ့ အရာတွေကိုလည်း သူမက အခုလို ရင်ဖွင့်ပြောပြလာပါတယ်။
Photo: Myat KayThi Aung
သရုပ်ဆောင်မြတ်ကေသီအောင်ဟာ သူမနဲ့အတူ UK မှာရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ စုပေါင်းပြီး လှူဒါန်းထားတဲ့ အလှူလေးတစ်ခုကို ပရိသတ်တွေဆီ ဝေမျှခဲ့ပါတယ်။ Disabled Care Centre ကျိုက်ဝိုင်း ရန်ကုန်အတွက် ငွေကျပ် ၂၅ သိန်းကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
‘’UK မှ အလှူရှင်များနဲ့ပေါင်းလှူဖြစ်တဲ့ အလှူလေးပါ။ ကိုယ်တိုင်ရောက်သွားတော့မှ ရင်ထဲ တော်တော်မကောင်းဖြစ်မိတယ်။ တချို့ဆို ကိုယ့်ဘဝကို ဘယ်လိုရှင်သန်ရမလဲဆိုတာမသိတဲ့ ကလေးတွေ ရှိကြပါတယ်။ အသိညဏ်မဖွံ့ဖြိုးသလို ကိုယ်ခန္ဓာကလည်း မသန်စွမ်းတော့ သူတို့လေးတွေရဲ့ဘဝကြည့်ပြီး စိတ်မောမိတယ်။ သူတို့လေးတွေကတော့ ဘာဆို ဘာမှ မသိကြပေမယ့် ဘေးလူအနေနဲ့ကတော့ ဂရုဏာသက်နေမိရုံကလွဲလို့ ဘာမှကူလုပ်မပေးနိုင်ကြဘူး’’ လို့ သူကဆိုပါတယ်။
Photo: Myat KayThi Aung
အဲဒီနောက် ဒီအလှူလေးအတွက် သူမရင်ထဲက ခံစားချက်တွေကိုလည်း မြတ်ကေသီအောင်က ရင်ဖွင့်ပြောပြခဲ့ပါသေးတယ်။ ဒီ ကလေးငယ်တွေအတွက် အဓိက လိုအပ်တဲ့အရာတွေကတော့ ဆေးဝါးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
‘’ကျွန်မတို့အနေနဲ့ သူတို့အတွက်ကူညီပေးနိင်တာတစ်ခုတော့ရှိပါတယ်။ ဘာလဲဆိုတော့ သူတို့လေးတွေအတွက် လိုအပ်မဲ့အရာလေးတွေ ကိုယ်တတ်နိုင်သလောက်ထောက်ပံ့ခြင်းပါပဲ။ တစ်ကိုယ်ရေသန့်ရှင်းရေးမလုပ်နိုင်တဲ့ ကလေးများစွာအတွက်လည်း လိုအပ်တဲ့အရာတွေရှိသလို အာရုံကြောမကောင်းတဲ့သူလေးတွေအတွက် ဆေးဝါးတွေကလည်း အမြဲလိုအပ်နေတာပါ။ ပြည့်စုံပြီး ပေါလျှံနေတဲ့နေရာထက် ခုလို တခြားကလေးတွေလိုမနေရတဲ့ ဘဝနဲ့ရှင်သန်ဖို့ ကြိုးစားနေရတဲ့ ကလေးတွေကို လိုအပ်တာလေးတွေ လှူ ပြီးဖြည့်ပေးကြရင် သူတို့လေးတွေကိုစောင့်ရှောက်နေကြတဲ့ ဆရာမလေးတွေ အရမ်းပီတိဖြစ်နေမှာသေချာပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၂ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Myat KayThi Aung
Disabled Care Centre မှာ ကလေးပေါင်း ၁၀၇ ယောက်ရှိတယ်လို့ မြတ်ကေသီအောင်က ပြောပါတယ်။ ဒီကလေးတွေကို စောင့်ရှောက်ပေးနေရတဲ့ ဆရာမတွေကိုလည်း သူမရဲ့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ လေးစားမိတယ် ဆိုတာတွေကို အခုလို ပြောပြခဲ့ပါတယ်။
‘’ကလေးပေါင်း ၁ဝ၇ ယောက်ကို စောင့်ရှောက်ပေးတဲ့ဆရာမတွေကိုလည်း အရမ်းလေးစားမိတယ်။ တော်ရုံစိတ်ရှည်တာလောက်နဲ့ အဲ့ခလေးတွေရဲ့ဆရာမ လုပ်ဖို့မဖြစ်နိုင်ပါဘူး။ ဆရာမလေးတွေခဗျာမှာလည်း သူတို့ကလေးတွေကို ချစ်မဲ့လူ၊ လာလှူပေးမယ့် ပြည်သူတွေကိုလည်း ကြိုဆိုနေပါတယ်။ ကျွန်မ စာလေးကိုဖတ်ဖြစ်ရင် တတ်နိုင်သလောက်လေး သွားလှူရင်း လေ့လာကြည့်ပါ။ ကိုယ်တွေဘဝမှာ အဆင်မပြေဘူးဆိုတဲ့ အရာတွေဟာ အဲဒီကလေးတွေကို တွေ့သွားရင် ငါ့ဘဝက သိပ်ကံကောင်းပါလား လို့ အားတက်သွားပါလိမ့်မယ်။ သူတို့လေးတွေ သိပ်သနားဖို့ကောင်းပါတယ်ရှင်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။
Photo: Myat KayThi Aung
မြတ်ကေသီအောင် ဟာ ကြည်လင်အေးမြတဲ့ မျက်နှာ လေးနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ စိတ်သဘောထား ပြည့်ဝသူ၊ ပွင့်လင်းသူဖြစ်တဲ့သူမဟာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမဲ့ အခုထိ ပရိသတ်အားပေးမှုကို ရရှိထားတုန်းပါပဲ။ လက်ရှိမှာလည်း ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပါတယ်။