မဟာမုနိဘုရားကြီးရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းကို အကြိမ် ၇၀ မြောက်အဖြစ်နဲ့ပြုလုပ်နေတာဖြစ်ပြီး နှစ်စဉ် မြန်မာပြက္ခဒိန်ရဲ့တပို့တွဲလမှာပြုလုပ်လေ့ရှိ တာဖြစ်တယ်လို့သိရပါတယ်။
ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းဆိုတာက ဗုဒ္ဓဘာသာ၀င်တို့ရဲ့ဘာသာရေးဓလေ့ထုံးစံအရ ဘုရားဆင်းတုတော်တွေနဲ့စေတီတော်တွေမှာ ရွှေဆိုင်းကပ်လှူ ပူဇော်ရင်း အလေအလွင့်ဖြစ်ကုန်ကြတဲ့ရွှေမှုန်ရွှေမွှားတွေကို သိမ်းဆည်းစုဆောင်းပြီး သန့်စင်တဲ့ရွှေဖြစ်တဲ့အထိ ပြန်လည်ထုတ်ယူရယူတဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
ရွှေမိုက်တွေကို ရွှေဆိုင်းကပ်လှူခြင်းရဲ့နောက်ဆက်တွဲဖြစ်တဲ့ ရွှေလှောင်စက္ကူ၊ ကော်ဇော၊ လက်သုတ်ပုဝါ၊ သစ်စေးလုံး၊ ဖိဂွမ်းတို့ကအပြင် မျက်နှာကြက် တော်လှည်းကျင်းရာကနေရရှိလာတဲ့ ရွှေမှုန့်ရွှေမှုန်တွေ၊ ပလ္လင်တော်အောက်လှည်းကျင်းတာကနေရရှိလာတဲ့ မြေမှုန့်မြေမှုန်တွေ အစရှိတဲ့ ဘုရားကိန်း၀ပ်စံပယ်ရာ၀န်းကျင်ကနေ ထုတ်ယူရရှိတာဖြစ်ပြီး မဟာမြတ်မုနိဘုရားကြီးမှာ နေ့စဉ်ရွှေဆိုင်းကပ်လှူသူ ၅၀၀၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်။
မန္တလေး မဟာမုနိဘုရားကြီး(မဟာမုနိရုပ်ရှင်တော်)ရဲ့ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းသမိုင်းမှာ ၂၀၁၈ ခုနှစ်က အထူးခြားဆုံးနှစ်ဖြစ်ခဲ့ပါတယ်။ ရွှေမိုက်ထုတ်တဲ့လုပ်ငန်းကနေ ရွှေပိဿာချိန် ၁၆ ပိဿာကျော်ထွက်ရှိခဲ့တယ်လို့ သိရပြီး ဒါဟာအရင်နှစ်တွေကဆိုရင် ဂန္ဓကုဋီတိုက်တော်အတွင်းကသာ ရွှေမိုက်ထုတ်ယူခဲ့တာဖြစ်ပြီး အဲဒီနှစ်ကတော့ စေတီတော်စိန်ဖူးတော်ကနေ အောက်ဖိနပ်တော် အထိ ထုတ်ယူတာကြောင့် ရွှေရရှိမှုစံချိန်တင်သွားနိုင်ခဲ့တာ၊ ရွှေမိုက်ထုတ်ခဲ့တဲ့သက်တမ်းတစ်လျှောက် အများဆုံးဖြစ်ခဲ့တာလို့ မိုက်သူကြီးဦးအောင်မိုးကပြောပါတယ်။
ရွှေမိုက်တွေကို ရွှေဆိုင်းကပ်လှူခြင်းရဲ့နောက်ဆက်တွဲဖြစ်တဲ့ ရွှေလှောင်စက္ကူ၊ ကော်ဇော၊ လက်သုတ်ပုဝါ၊ သစ်စေးလုံး၊ ဖိဂွမ်းတို့ကအပြင် မျက်နှာကြက် တော်လှည်းကျင်းရာကနေရရှိလာတဲ့ ရွှေမှုန့်ရွှေမှုန်တွေ၊ ပလ္လင်တော်အောက်လှည်းကျင်းတာကနေရရှိလာတဲ့ မြေမှုန့်မြေမှုန်တွေ အစရှိတဲ့ ဘုရားကိန်း ၀ပ်စံပယ်ရာ၀န်းကျင်ကနေ ထုတ်ယူရရှိတာဖြစ်ပြီး မဟာမြတ်မုနိဘုရားကြီးမှာ နေ့စဉ်ရွှေဆိုင်းကပ်လှူသူ ၅၀၀၀ ခန့်ရှိတယ်လို့လည်း သိရပါတယ်။
အခုနှစ်ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းကိုဖေဖော်ဝါရီလ ၆ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး မိုက်သူကြီးဦးဆောင်တဲ့ရွှေမိုက်ထုတ်လုပ်ငန်းကျွမ်းကျင်သူ ၂၀ ခန့်နဲ့ ပြုလုပ်နေတာပါ။ ဘုရားကြီးရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းကို ရွှေမိုက်ထုတ်တွေကိုမီးရှို့တဲ့လုပ်ငန်းနဲ့စတင်လိုက်တာဖြစ်ပြီး သန့်စင်တဲ့ရွှေရရှိတဲ့အထိ အဆင့်လေးဆင့်နဲ့ တစ်လခွဲခန့် ကြာအောင်ပြုလုပ်သွားရမှာဖြစ်တယ်လို့သိရပါတယ်။
မဟာမုနိဘုရားကြီးကနေ ရွှေမိုက်ထုတ်ယူတဲ့လုပ်ငန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုငါးနှစ်တာကာလစာရင်းအရ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရွှေပိဿာချိန် ၆ ပိဿာခွဲ၊ ၂၀၁၆ ခုနှစ်က ၇ ပိဿာနဲ့ ၄ ကျပ်သား၊ ၂၀၁၇ ခုနှစ်က ၇ ပိဿာခန့်၊ ၂၀၁၈ ခုနှစ်က ၁၆ ပိဿာကျော်၊ ၂၀၁၉ ခုနှစ်က ၇ ပိဿာကျော်ထွက်ရှိခဲ့တယ်လို့ သိရပါတယ်