Sky Walk အဆောက်အဦဟာ ဆိုင်ခန်းပေါင်း (၁၅၅)ခန်းရှိကာ(၁၂၅)ခန်းမီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပြီး အချိန် (၁၁)ကျော်ကြာမီးငြိမ်းသတ်ခဲ့ရတဲ့ မီးလောင်မှုတစ်ခုဖြစ်ပါတယ်။
မန္တလေး ၊ ချမ်းအေးသာစံမြို့နယ်ရှိ Sky Wall အဆောက်အဦ မီးလောင်မှုမှာ အဆောက်အဦနဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်း တစ်သောင်းကျော်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိ မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကိုဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှသိရပါတယ်။
“ မီးလောင်ရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးဘူး။ ဆုံးရှုံးမှုတန်ဖိုးတော့သိရပြီ။ အားလုံးဆုံးရှုံးမှုတန်ဖိုးက အဆောက်အဦဆိုင်ခန်းတွေကော၊ ပစ္စည်းတွေကော ကျပ်သိန်းတစ်သောင်းကျော်တယ်။ စလောင်တာကတော့ ပထမထပ်ကစတင်လောင်တာ။ အခုထိတော့ စုံစမ်းဆဲဖြစ်တယ်” လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
Sky Wall အဆောက်အဦမှာ ဆိုင်ခန်းပေါင်း(၁၅၅)ခန်းရှိပြီး ဆိုင်ခန်း(၁၂၅)ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ အဆောက်အဦဆုံးရှုံးမှုတန်ဖိုးက (၃၃၇,၅၈၀)သိန်း နဲ့ အတွင်းပစ္စည်းဆုံးရှုံးမှုတန်ဖိုးက (၆၆၃, ၄၆၀) သိန်းရှိခဲ့ပြီး တန်ဖိုးပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းကျော်ဆုံးရှုံးခဲ့တာပါ။
အဆိုပါမီးလောင်မှုဟာ ဇန်နဝါရီလ(၁၇)ရက်နေ့ ညနေ(၆)နာရီလောက်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဇန်နဝါရီလ(၁၈)ရက်နေ့ မနက်(၅)လောက်ထိ အချိန်(၁၁)ကျော်ကြာလောင်ကျွမ်းခဲ့တာလည်းဖြစ်ပါတယ်။ မီးလောင်မှုကိုတော့ Level 5 အဆင့်သတ်မှတ်ပြီး သန္ဓေမီးတပ် တပ်ဖွဲ့ဝင် (၂၅၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ (၅၀၀)ဦး၊ တပ်မတော်သား(၂၃၀)ဦး၊ ကြက်ခြေနီ(၁၀၀)၊ စည်ပင်ဝန်ထမ်း(၅၀)ဦးတို့နဲ့ ပရဟိတအဖွဲ့အစည်းတွေပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။