ဆေးရုံအုပ်ကြီးနဲ့ အဖွဲ့ဟာ ဆေးရုံဝင်းအတွင်း ယာဉ်ရပ်နားခကောက်ခံရေးအတွက် တင်ဒါရရှိအောင်ဆောင်ရွက်ပေးမယ်ဆိုပြီး လုပ်ငန်းရှင်တွေဆီက ငွေကြေးတွေနဲ့ တခြားသောအရာတွေကို တံစိုးလက်ဆောင်အဖြစ်ယူထားတာဖြစ်ပါတယ်။
မန္တလေးမြို့ အရိုးအထူးကုဆေးရုံကြီး ကုတင်(၅၀၀)မှ ဆေးရုံအုပ်ကြီး ဦးကြည်လွင်နဲ့ အဖွဲ့ကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့်အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆေးရုံအုပ်ကြီးနဲ့ အဖွဲ့ဟာ ဆေးရုံအတွင်းမှာ လုပ်ကိုင်လျှက်ရှိတဲ့ တင်ဒါလုပ်ငန်းရှင်များထံမှ ရာထူးတာဝန်များကိုအလွဲသုံးစားလုပ်ပြီး အမြတ်ထုတ်ကိုယ်ကျိုးစီးပွားရှာနေကြောင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
တိုင်ကြားစာအရ ကော်မရှင်က စုံစမ်းစစ်ဆေးတဲ့အခါမှာတော့ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်နဲ့ အဖွဲ့ဟာ ဆေးရုံဝင်းအတွင်းယာဉ်ရပ်နားစခကောက်ခံရေး လုပ်ငန်းတင်ဒါခေါ်ယူခြင်းနဲ့ ပတ်သက်ပြီး တင်ဒါရအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ၂၀၁၇-၂၀၁၈ခုနှစ်နဲ့ ၂၀၁၈-၂၀၁၉ခုနှစ်မှာ တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင်တွေဆီကနေ ငွေကျပ်သိန်း(၃၀)စီ၊ စုစုပေါင်း ငွေကျပ်သိန်း(၆၀)ကိုတောင်းခံခဲ့တာဖြစ်ကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါ့အပြင် ၂၀၁၉-၂၀၂၀ခုနှစ်နဲ့ ၂၀၂၀-၂၀၂၁ခုနှစ်တွေမှာ တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင်နှစ်ဦးထံမှ ငွေကျပ်သိန်း(၄၀)စီနဲ့ စုစုပါင်းငွေကျပ် သိန်း(၈၀)တို့ကို တံစိုးလက်ဆောင်အဖြစ်လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
တင်ဒါရရှိရေးအတွက် လုပ်ငန်းရှင်တွေဆီက စုစုပေါင်း ငွေကျပ် သိန်း(၁၄၀)ကို ဆေးရုံအုပ်ကြီးက ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှုကျူလွန်ခဲ့တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆)နဲ့ အမှုဖွင့်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဆေးရုံအုပ်ကြီးအပါအဝင် တခြားဆေးရုံတာဝန်ရှိသူတွေကလည်း တံစိုးလက်ဆောင်အသီးသီးကို လက်ခံရရှိထားတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၇)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အဂိတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။