အစားအစာမှာပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းတွေအကုန်လုံးကို မန္တလေးကပဲ မှာယူတာပါ။

ရန်ကုန်မှာ မန္တလေးမနက်ခင်းအစားအစာတွေကို တစ်နေရာတည်းမှာ စားရမယ့် ဈေးချို ၅၅ မန္တလေးစားသောက်ဆိုင်လေးနဲ့ Duwun ပရိသတ်တွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။ လွန်ခဲ့တဲ့ (၄) နှစ်က မန္တလေးအထမ်းမြီးရှည်စရောင်းခဲ့တဲ့ ဒီဆိုင်လေးဟာ အခုဆို ဆိုင်ခွဲ (၄) ဆိုင်ဖွင့်နိုင်ခဲ့ပြီး မန္တလေးအစားအစာအစုံရတဲ့ဆိုင်လေးဖြစ်လာပါတယ်။



ဈေးချို ၅၅ ဆိုင်လေးစတင်ဖွင့်လှစ်ပုံ

ဆိုင်ရှင်တွေက မန္တလေးဒေသခံတွေ ဖြစ်တဲ့အတွက် မန္တလေးအစားအစာတွေကို လွမ်းတဲ့စိတ်နဲ့ ရန်ကုန်မြို့မှာ မန္တလေးအထမ်းမြီးရှည်ဆိုင်လေးစတင်ဖွင့်လှစ်ဖြစ်ခဲ့တာလို့ သိရပါတယ်။ မန္တလေးရဲ့ အရသာကို တကယ်ခံစားရစေအောင် ဆိုင်နာမည်ရဲ့ ရှေ့မှာ ဈေးချို ကိုထည့်ပြီး ခြံနံပါတ် ၅၅ မှာရောင်းတာဖြစ်တဲ့အတွက် ဈေးချို ၅၅ ဆိုပြီး ဆိုင်အမည်ပေးဖြစ်ခဲ့ပုံကို သိခွင့်ရခဲ့ပါတယ်။

“ မန္တလေးအစားအစာ စားချင်တဲ့အခါမှာအရင်တုန်းက မန္တလေးပြန်မှ စားရတယ်။ ဆိုင်ရှင်တွေကိုယ်တိုင်ကလည်း မန္တလေးအစားအစာကို ကြိုက်တယ်။ ရန်ကုန်ကလူတွေကို မန္တလေးအစားအစာ စားချင်တဲ့ ဆန္ဒရှိတယ်။ ဒါကြောင့် မန္တလေးမသွားဖြစ်တဲ့ မန္တလေးသူမန္တလေးသားတွေအတွက်ရော ရန်ကုန်သူ ရန်ကုန်သားတွေအတွက်ရော ရည်ရွယ်ပြီးတော့ ဒီဆိုင်လေးကို ဖွင့်လှစ်ခဲ့တာပါ” လို့ ဈေးချို ၅၅ ရဲ့ ဆိုင်မန်နေဂျာက ဆိုပါတယ်။

မန္တလေးအရသာစစ်စစ်ဖြစ်အောင် ဘယ်လိုစီမံလဲ

အစားအစာမှာပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းတွေအကုန်လုံးကို မန္တလေးကပဲ မှာယူတာဖြစ်ပြီး အခြေအနေတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ဘယ်လောက်ပဲ ခက်ခဲခက်ခဲ မန္တလေးကပဲ မှာတာဖြစ်တယ်လို့ ဆိုပါတယ်။ မန္တလေးအထမ်းမြီးရှည် စတင်ရောင်းချစဉ်တုန်းက ဆိုင်ဝန်ထမ်းတွေက မန္တလေးက မြီးရှည်သည်တွေကို ခေါ်ယူပြီး လက်ရာကို မန္တလေးအထမ်းမြီးရှည်ရှည်စစ်စစ်ဖြစ်အောင် စီစဉ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် လက်ရှိမီနူးအသစ်ထပ်တိုးလိုက်တဲ့ ခိုတောင်မုန့်တီကိုလည်း စစ်ကိုင်းနားက ခိုတောင်ရွာကို သွားရောက်ပြီး အသုပ်သုပ်နည်းပညာကို လေ့လာသင်ယူခဲ့တယ်လို့လည်းဆိုပါတယ်။

“ မန္တလေးအရသာစစ်စစ်ကို ခံစားစေချင်လို့ပဲ ဖြစ်ပါတယ်။ ခိုတောင်မုန့်တီဆိုလည်း ခိုတောင်ဒေသခံတွေ ဆီကနေ အသုပ်လုပ်နည်းပညာကို သင်ကြားခဲ့ပြီးတာ့မှ စရောင်းခဲ့တာပါ။ ’’ လို့ ဆိုပါတယ်။

မိသားစုတွေဆုံစည်းရာဖြစ်ဖို့ ရည်ရွယ်

ဒီဆိုင်တွေမှာ မန္တလေးအစားအစာအပြင် ဖျော်ရည်မျိုးစုံကိုလည်း ဆိုးဆေးလုံးဝမပါဘဲ သဘာဝအသီးအနှံတွေကို ဖျော်စပ်ရောင်းချပြီး ကလေးတွေအတွက် ဘေးဥပါဒ်မဖြစ်စေဘဲ အာဟာရဖြစ်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် မိသားစုလိုက်လာပြီး နားနားနေနေထိုင်စားလို့ရအောင် သက်တောင့်သက်သာဖြစ်စေတဲ့ ဆိုင်အပြင်အဆင်လေးဖြစ်အောင် ပြုလုပ်ထားတာပါ။

“ဈေးနှုန်းတွေကတော့ အသုပ်တွေက တစ်ပွဲကို ၂၅၀၀၊ ဖျော်ရည်တွေကတော့ ၂၅၀၀ ကနေ အများဆုံး ၃၀၀၀ ကျော်ပေါ့။ ဓာတုဗေဒပစ္စည်းတွေ လုံးဝမပါဘဲ ကျောင်းသားလေးတွေစားနိုင်ဖို့ ရည်ရွယ်တာပါ” လို့ ဆိုပါတယ်။

ဈေးချို ၅၅ ဆိုပြီး ဆိုင်ခွဲ (၄) ဆိုင်ရှိသွားပြီ

ဈေးချို ၅၅ ရဲ့ ပထမဆုံးဆိုင်လေးကို ဒဂုံမြို့နယ်ဗိုလ်ရာညွန့်လမ်း ခြံအမှတ် ၅၅ မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆို အဲဒီဆိုင်ရဲ့ သက်တမ်းက (၄) နှစ်ရှိပါပြီ။ အဲဒီနောက် မရမ်းကုန်း (၉)မိုင် စော်ဘွားလမ်းမှာ ဆိုင်ခွဲတစ်ဆိုင်ဖွင့်ခဲ့ပြီး အဲဒီဆိုင်လေးကတော့ (၂) နှစ်ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ နောက်ထပ်ဆိုင်ခွဲ (၂) ခုကိုတော့ လွန်ခဲ့တဲ့ (၄) နီးပါးဝန်းကျင်မှာ ထပ်မံဖွင့်လှစ်ခဲ့ပြီး ဗိုလ်ရာညွန့်လမ်းနဲ့ နဝဒေးလမ်းထောင့်မှာ တစ်ဆိုင် ၊ ရန်ကင်းမြို့နယ် အောင်ဇေယျလမ်းမှာ တစ်ဆိုင် ဖွင့်လှစ်ထားတာပါ။

“ အဓိက မန္တလေးအထမ်းမြီးရှည်ဆိုပြီးဖွင့်ထားတာ ဆိုင်ခွဲ (၄) ဆိုင်ရှိသွားပြီ။ မြီးရှည်ဖွင့်ပြီးသွားတော့ နန်းကြီး နန်းပြား၊ နန်းလတ် ဆိုပြီး တစ်ဖြည်းဖြည်းတိုးချဲ့တာ။ အခုနောက်ထပ် မန္တလေးအစားအစာကို စဉ်းစားတော့ ခိုတောင်ပေါ့နော်၊ ခိုတောင်ဆိုတာ သိတဲ့သူတွေလည်းရှိတယ်။ မသိသေးတဲ့သူတွေအတွက်လည်း သိဖို့ ရည်ရွယ်ပြီးတော့ လုပ်လိုက်တာပါ” လို့ ဆိုပါတယ်။

ဒါကြောင့်မို့ မန္တလေးမနက်ခင်းအစားအစာတွေကိုတစ်နေရာတည်းမှာ အစုံရနိုင်တဲ့ ဈေးချို ၅၅ ဆိုင်လေးကို တစ်ခါလောက်တော့ မြည်းစမ်းကြည့်ကြဖို့ မျှဝေလိုက်ပါတယ်နော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က