မီးသုံးစွဲတဲ့နေရာမှာ အထူးသတိပြုနိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

မန္တလေးမြို့မှာ ဖေဖော်ဝါရီလ (၁) ရက်ကနေ (၉) ရက်နေ့အထိ မီးလောင်မှု (၇) ကြိမ်ဖြစ်ပွားခဲ့ရာမှာ ဖြစ်စဉ် အားလုံးက နေအိမ်အတွင်း ဝါယောရှော့ကတဆင့် စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၂) ရက်က (၁) ကြိမ်၊ ဖေဖော်ဝါရီလ (၆) ရက် က (၁) ကြိမ်၊ ဖေဖော်ဝါရီလ (၇) ရက်က တစ်ရက်အတွင်း (၂) ကြိမ်၊ ဖေဖော်ဝါရီလ(၉) ရက်နေ့က တစ်ရက်အတွင်း (၃) ကြိမ် စုစုပေါင်း ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် လျှပ်စစ်မီး၊ မီးဖိုမီးအစရှိသဖြင့် မီးသုံးစွဲတဲ့နေရာမှာ အထူးသတိပြုနိုင်ကြဖို့ သက်ဆိုင်ရာမြို့နယ်အလိုက် မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးခန့်ဆီပါဝင်တဲ့မီးသတ်ယာဉ်တွေနဲ့ လှည့်လည်သတိပေးနှိုးဆော်နေကြတယ်လို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဇော်ဦးက Duwun ကိုပြောပါတယ်။

“ဒါက ပွင့်လင်းရာသီရောက်တဲ့အခါတိုင်း မီးသတ်တပ်ဖွဲ့ရဲ့လုပ်လေ့လုပ်ထရှိတဲ့ အစီအစဉ်တစ်ရပ်ဆိုတာထက်ကိုပိုပါတယ်။ အိမ်တစ်အိမ်မှာ ဝပ် ၅၀၀ ပဲ သုံးရမယ်ဆို ပိုပြီးသုံးတာတွေရှိတယ်။ အဲဒီအတွက် ဝါယောရှော့ဖြစ်ပြီးလောင်တယ်။ အပူလွန်ကဲပြီး လောင်တက်တယ်။ ဒါတွေကို အသိပညာပေးမှုတွေလုပ်နေတယ်။ ပြည်သူလူထုက လိုက်နာမယ်ဆိုရင် မီးလောင်မှုတွေလျော့နည်းလာမှာပါ” လို့ ဦးသန်းဇော်ဦးက ဆိုပါတယ်။

လျှပ်စစ်မီးကြောင့်မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေထဲမှာ အဆိုးရွားဆုံးက ရတနာပုံဈေး SkyWalk အဆောက်အဦး မီးလောင်ကျွမ်းမှုဖြစ်ပြီး တန်ဖိုး ကျပ်သိန်းပေါင်းတစ်သောင်းကျော်အထိ ဆုံးရှုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းတွေအရသိရပါတယ်။

ဇန်နဝါရီလက မန္တလေးခရိုင်မှာ လျှပ်စစ်မီးကြောင့်မီးလောင်ကျွမ်းမှု (၆) ခု၊ ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု (၂) ခု၊ အလိုလျောက်ဖြစ်တဲ့ မီးလောင်ကျွမ်းမှု (၁) ခု စုစုပေါင်း မီးလောင်ကျွမ်းမှု (၉) ကြိမ်ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က