Covid 19 ရောဂါကြောင့် အပြင်ထွက်သူ နည်းချိန်မှာ ညအချိန်ခါတွေမှာ လုံခြုံရေးပြဿနာတွေရှိနေတာကြောင့် အခုလို ညမထွက်ရအမိန့် ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်ဦးရဲလွင်က သူရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် အသိပေးပြောကြားခဲ့ပါတယ်။
နေ့ခင်းဘက်တွေမှာလည်း မဖြစ်မနေ နေအိမ်ကနေ ပြင်ပကိုသွားရောက်ရန်ကိစ္စရှိပါက တစ်အိမ်တစ်ယောက်သာ ထွက်ကြရန်နဲ့ အပြင်ထွက်တဲ့ အခါမှာ mask မတပ်ဘဲ အိမ်ပြင်ကို လုံးဝထွက်ခွင့်ပေးမှာမဟုတ်ဘူးလို့လည်း အသိပေးပြောကြားထားပါတယ်။
ဒါ့အပြင် ဈေးအသီးသီးမှာရောင်းချနေတဲ့ ဈေးသည်တွေအနေနဲ့ကော ဈေးဝယ်တွေအနေနဲ့ပါ mask တပ်မှဈေးအတွင်းဝင်ခွင့်ပြုမှာဖြစ်ပါတယ်။
လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး surgical masks ဖိုးမတက်နိုင်တဲ့သူတွေကိုတော့ Homemade Masks တွေဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ဒီကနေ့ မန္တလေးက ထပ်တိုးလူနာကြောင့် အရေးပေါ်ထုတ်ပြန်တဲ့ အခြေအနေမဟုတ်ဘဲ Covid 19 ရောဂါကာကွယ်အစီအစဉ်တွေအနေနဲ့ ဧပြီလ(၁၄)ရက်နေ့က ကျင်းပခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေဖြစ်တယ်လို့ ဦးရဲလွန်က ရေးသားဖော်ပြထားပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ဒီကနေ့ ညပိုင်းမှာပဲ Covid 19 ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေလိုက်နာရမယ့် စည်းကမ်းချက်တွေကို အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပြီးတော့ လိုက်နာမှုမရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကူးစက်ရောဂါများနှိမ်နင်းရေး ဥပဒေပုဒ်မ (၂၁) ပုဒ်မခွဲ (ခ)နဲ့ လုပ်ပိုင်ခွင့်တွေကျင့်သုံးပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။