မန္တလေးက ရဲသင်တန်းကျောင်းမှာ လူနာအမှတ်(၅၈၇) နဲ့အတူ သင်တန်းတက်ခဲ့တဲ့ မန္တလေးမြို့က ရဲအရာရှိအတတ်သင်ကျောင်းက သင်တန်းသား၊ နည်းပြဆရာတွေအပါအဝင် ရုံးဝန်ထမ်း ၁၂၁ ဦးရဲ့ ဆေးစစ်ချက်အဖြေက All Negative ဖြစ်တယ်လို့ သိရပါတယ်။
"ဟုတ်ကဲ့အဖြေထွက်ပါပြီ။ အကုန်လုံး Negative ပါရှင့်" လို့ မန္တလေးမြို့က ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမေ၀င့်ဝါက Duwunကိုပြောပါတယ်။
ပိုးတွေ့လူနာ(၅၈၇) က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ၊ မန္တလေးမြို့က ရဲအရာရှိအတတ်သင်ကျောင်းမှာ စခန်းမှူးသင်တန်းလာတက်နေတဲ့ ရဲအုပ်တစ်ဦးဖြစ်ပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့က အဆိုပါ ရဲတပ်သားမှာ ကိုဗစ်ရောဂါကူးစက်ခံရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။
လူနာကိုတော့ အဲဒီနေ့မှာပဲ ကန်တော်နဒီဆေးရုံဆီပို့ထားလိုက်ပြီး သူနဲ့အတူ ရခိုင်ပြည်နယ်ကနေပါလာသူ ၆ ဥဦးကိုလည်းရောဂါပိုးရှိမရှိစစ်ဆေးခဲ့ရာမှာလည်း ရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။
ဒါ့အပြင် သင်တန်းကျောင်းက ထိတွေ့ထားသူအားလုံးကိုလည်း ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာလည်း အားလုံးမှာရောဂါပိုးမတွေ့ရှိခဲ့ပါဘူး။
လက်ရှိမှာတော့ သင်တန်းကျောင်းကို Lockdown ချထားဆဲဖြစ်ပြီး သင်တန်းကျောင်းအတွင်းကလူတွေကိုလည်း Quarantine ဆက်လက်ထားရှိထားတယ်လို့ သိရပါတယ်။