မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာ မနေ့က ဒီဇင်ဘာလ (၁၅)ရက်နေ့ ညပိုင်းက ဆိုင်ကယ်စီးလာသူ (၂)ဦးကို လူ(၈)ဦးခန့်က ဓား၊ တုတ်များနဲ့ဝိုင်းရိုက်ကာ ပစ္စည်းလုယက်မှုဖြစ်ပွါးခဲ့ပါတယ်။
ရိုက်နှက်အလုခံရတဲ့ အမျိုးသား (၂)ဦးမှာ အသက် (၃၀)ကျော်အရွယ်တွေဖြစ်ပြီး တစ်ဦးမှာ ညာဘက်ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာတွေရရှိခဲ့သလို ကျန်တစ်ဦးမှာလည်း ဦးခေါင်းဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ မနေ့ကညကဖြစ်တာ။ တရားခံတွေကတော့ ဘယ်မိမလဲဗျာ။ ဒဏ်ရရာတဲ့သူတွေကိုတော့ ကျွန်တော်တို့ဆေးရုံကိုပို့ပေးတယ်။ လိုအပ်တဲ့ဆေးကုသမှုခံယူပြီး ဆေးရုံတက်ဖို့မလိုဘူးဆိုတော့ ကျွန်တော်တို့ သူတို့နေရပ်ကိုပြန်ပို့ပေးခဲ့ပါတယ်။ အခုနောက်ပိုင်း ဒီလိုဒုစရိုက်မှုတွေကတော့ ဖြစ် ဖြစ်ပြီး ပျောက်ဆိုသလိုဖြစ်နေပြီ။ ဒုစရိုက်မှုဖြစ်စဉ်တွေကလည်း ပိုများလာတယ်။ မကြာခဏကိုဖြစ်နေတာ ။ အားလုံးသတိနဲ့သွားလာကြဖို့ပဲဂရုစိုက်ရတော့မှာ”လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ရွှေမဉ္ဇူ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လုယက်မှုအတွင်းမှာတော့ စီးလာတဲ့ ဆိုင်ကယ်အပါအဝင်၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ ပါရှိသွားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၀)ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်မှာ လူတစ်ဦးကို အုပ်စုဖွဲ့ ဓားနဲ့ခုတ်ရာမှာ ပတ်ဝန်းကျင်ကလူတွေက ဝင်တားခဲ့တာကြောင့် အဆိုပါ ဝင်ရောက်တားတဲ့သူတွေကိုပါ ဓားနဲ့ခုတ်မှုဖြစ်ပွါးခဲ့ပါသေးတယ်။
အဲဒီဖြစ်စဉ်အတွင်းမှာလည်း တရားခံတွေကို ယနေ့ထိမမိသလို ဓားနဲ့ခုတ်ခံရသူ (၅)ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။