သေဆုံးသူ (၃) ဦးအနက် (၁) ဦးမှာ ကျုံးအတွင်းကို ခုန်ချသေဆုံးခဲ့တာဖြစ်ပြီး ကျန် (၂) ဦးမှာတော့ ရေဆင်းကူးရာကနေ ရေနစ်သေဆုံးသွားခဲ့တာလို့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေး Rescue အဖွဲ့ကနေ သိရပါတယ်။
Photo နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေး Rescue အဖွဲ့
ဒီဇင်ဘာ ၁၄ ရက် မနက် (၉) နာရီခွဲအချိန်ခန့်က မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ၂၆ လမ်းနဲ့ လမ်း ၈၀ ထောင့် ကျုံးအတွင်းမှာ အမျိုးသားတစ်ဦး ခုန်ချရေနစ်သေဆုံးခဲ့တယ်လို့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ (၁၄) ရက် ညနေ (၄) နာရီကျော်လောက်က အောင်မြေသာစံမြို့နယ် နန်းရှေ့ ဒေါနဘွားရပ်ကွက် (၁၉) လမ်း ရေနီမြောင်းအတွင်းမှာ ဆယ်ကျော်သက်အရွယ် ယောင်္ကျားလေး (၂) ဦး ရေနစ်သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အောင်မြေသာစံမြို့နယ်မှာ နေထိုင်ကြတဲ့ ဆယ်ကျော်သယ်အရွယ်ကလေး (၄) ဦးလာရောက် ရေဆင်းချိုးရာကနေ (၁၄) နှစ်အရွယ် မောင်အောင်ကိုဟိန်းနဲ့ (၁၃) နှစ်အရွယ် မောင်ဖြိုးကိုမင်းတို့ ရေနစ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ နန်းတောရှေ့ လူမှုကယ်ဆယ်ရေးအသင်းမှ ကိုသိန်းထွန်းအောင်က Duwun ကိုပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက ကျုံးအတွင်း ခုန်ချသေဆုံးခဲ့သူက အသက် (၅၅) နှစ်အရွယ်ရှိပြီး ဘယ်သူဘယ်ဝါမှန်း သေချာစွာမသိရသေးလို့ ခုန်ချ သေဆုံးခဲ့တဲ့ အကြောင်းကိုလည်း အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။
ခုန်ချသေဆုံးခဲ့သူကို မန္တလေးတိုင်းဗဟိုမီးသတ်၊ အောင်မြေသာစံမီးသတ်၊ အောင်မြေသာစံမြို့နယ် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေး Rescue အဖွဲ့၊ ချမ်းအေးသာစံလူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပူးပေါင်းဆယ်ယူခဲ့ပြီး ရုပ်အလောင်းကို နိဗ္ဗာန်သုခယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။