ကုန်စည်စီးဆင်းမှု ရပ်တန့်မသွားစေဖို့အတွက်ကိုတော့ ကန့်သတ်ချက်တစ်ချို့နဲ့ ဝင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဒေသအတွင်းအဝင်အထွက်ရှိနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို ဒီကနေ့စက်တင်ဘာလ ၁၁ ရက်နေ့ကစလို့ ယာယီရပ်နားခိုင်းထားလိုက်ပြီဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရက မနေ့က (စက်တင်ဘာ ၁၀ ရက်) ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်‌ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပြီး ရန်ကုန်ကနေဝင်ရောက်လာတာတွေများလာလို့ ယာယီရပ်နားဖို့ညွှန်ကြားလာတာဖြစ်တယ်လို့မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဌ ဦးအောင်ကျော်လင်းက ပြောပါတယ်။



"ရခိုင်ကနေ ပြန်စတဲ့ကူးစက်မှုက တစ်နေ့ထက်တစ်နေ့ပိုများလာတယ်၊ ရန်ကုန်မှာပိုများလာတာကလည်း ယာဉ်လိုင်းတွေပိတ်ဖို့ဖြစ်လာတာပါ၊ ရောဂါထိန်းချုပ်ကာကွယ်ဖို့ အတွက်ဆိုပြီး အစိုးရအဖွဲ့ညှိနှိုင်းပြီးဆုံးဖြတ်ခဲ့တာပါ" လို့ ဦးအောင်ကျော်လင်းက ပြောပါတယ်။

ယာဉ်လိုင်းတွေယာယီပိတ်ခိုင်းထားလိုက်ပေမယ့်လည်း ကုန်စည်စီးဆင်းမှုရပ်တန့်မသွားစေဖို့အတွက်ကိုတော့ ကန့်သတ်ချက်တစ်ချို့နဲ့ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က "ကုန်စည်စီးဆင်းမှုမရပ်တန့်ဖို့အတွက်လည်းထည့်သွင်းစဉ်းစားရပါတယ်၊ ကုန်တင်ယာဉ်တွေကိုတော့ ခွင်ပြုဦးမှာပါ။ ဒါပေမယ့် အဲ့ဒီယာဉ်တွေရဲ့ ယာဉ်မောင်း၊ နောက်လိုက်နဲ့ ပါလာသူတွေကို မန္တလေးကို တိုက်ရိုက်ဝင်ခွင့်ပြုမှာတော့ မဟုတ်ပါဘူး၊ ရမည်းသင်းမြို့အထိသာ ဝင်ခွင့်ပြုဖို့ဆုံးဖြတ်ပြီး အဲ့ဒီကနေ လူအပြောင်းအလဲလုပ်၊ ကား အပြောင်းအလဲလုပ်ပြီးမှ ကုန်တွေကို တိုင်း‌ဒေသကြီးအတွင်း တစ်ဆင့်သယ်ယူခွင့်ပြုမှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။ ဒီတားမြစ်ချက်တွေဟာ အမျိုးသားကျန်းမာရေးဆိုင်ရာကိစ္စ ဖြစ်တာကြောင့်လည်း ပြည်သူတွေဘက်က နားလည်ပေးကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်တွေကို လိုက်နာကြဖို့လည်း ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။ မန္တလေးမြို့ကနေ ဒေသအနှံ့အပြားသို့ ပြေးဆွဲနေတဲ့ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းပေါင်း တစ်ရာနီးပါးရှိပြီး ယာဉ်အစီးရေခြောက်ရာကျော်နဲ့ နေ့စဉ်ခရီးသည်ပေါင်း ငါးထောင်ကျော် သယ်ယူပို့ဆောင်ပေးလျက်ရှိတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနဆီကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က