မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းမှာရှိပြီး မင်းနေပြည်တော်ဖြစ်ခဲ့ဖူးတဲ့ မန္တလာမြေကတော့ စိတ်၀င်စားဖို့ကောင်းတဲ့ လည်ပတ်စရာတွေ အပြင် ဒေသထွက် အစားအစာတွေကလည်း ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ အရသာမျိုးစုံဖြင့် ပြည့်နှက်နေပါတယ်။
မစားမနေရ စားသင့်တဲ့ မန္တလေးက ဒေသထွက် အစားစာတွေအကြောင်းကို ဒီနေ့မှာ ခရီးသွားတို့အတွက် ပြောပြပေးချင်ပါတယ်။
မန္တလေးမုန့်တီ
မန္တလေးကိုရောက်ပြီဆိုရင် ဘာစားရမလဲ အရင်မေးမယ်ဆိုရင်တော့ မန္တလေးမုန့်တီကိုပဲ ဆိုရတော့မှာပါ။ ပဲမှုန့်ခပ်များများ ဆီချက်များများနဲ့ တစ်ခါစားရုံနဲ့ တစ်သက်မမေ့မယ့် စားချင်စဖွယ် မန္တလေး မုန့်တီပဲဖြစ်ပါတယ်။ စျေးသိပ်မများဘဲ အရသာခံတွင်းတွေ့စေမယ့် မန္တလေးမုန့်တီကို လက်ဖက်ရည်/ ရေနွေးကြမ်းလေးနဲ့ တွဲဖက်စားသုံးမယ်ဆိုရင် အလွန့် အလွန်ကို စားကောင်းစေမယ့် အတွဲအစပ်လေးပါပဲ။
ငါးအရေခွံကြော်နဲ့ စျေးချိုမှ နာမည်ကြီး စားစရာများ
ကြွပ်ရွနေတဲ့ ငါးအရေခွံကြော်လေးနဲ့ ဈေးချိုမှ အရသာရှိပြီး စုံလင်လှတဲ့ အသုတ်များကတော့ ဗီတာမင်လည်းစုံပြီး မစားမဖြစ် စားသင့်တဲ့ အစားအစာလေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကျော ၊ ဆနွင်းမကင်း ၊ ဂျုံယို ၊ ပဲနို့ရည်ပေါင်းစတဲ့ နှုတ်မြိန်စာတွေလည်း စုံလင်လွန်းလှပါတယ်။
မန္တလေးထိုးမုန့်
မန်းလေးမြို့ရဲ့ နောက်ထပ်အမှတ်သင်္ကေတတစ်ခုကတော့ ထိုးမုန့်ပါ။ မန္တလေးကိုရောက်လို့ အိမ်ပြန်လက်ဆောင်ဝယ်ခဲ့ရမယ်ဆိုရင် ထိုးမုန့်ကို အရင်ဆုံးပြေးမြင်မိကြမယ်ဆိုရင် အတိအကျပါပဲ။ ထိုးမုန့်တင်မဟုတ်ဘဲ ဆနွင်းမကင်း၊ ရွှေကြည်၊ လမုန့်တို့လည်း ဝယ်ယူသွားဖို့လည်း အမှာလေး ပါးလိုက်ရပါတယ်နော်။
ခိုတောင်မုန့်တီ
မန္တလေးမြို့ကို ရောက်ရင် နောက်ထပ်မစားမဖြစ်က ခိုတောင်မုန့်တီပါ။ နန်းလတ်မုန့်တီဖတ်ထက် မဆိုသလောက်သေးတဲ့ ခိုတောင်မုန့်တီဖတ်ကို ဆီနီ၊ ဆီဝါ၊ ပဲမှုန့်လေးနှင့်အတူ ခပ်စီးစီးလေး သုပ်ထားတာလေးကိုမှ ပိတ်စွယ်ဟင်းရည် ပူပူလေးနှင့် အခုလိုအချိန်မှာ တခုတ်တရ စားလိုက်ရရင်တော့ဖြင့် ဘဝရဲ့ အနှစ်သာရပြည့်စုံမှုကို အမိအရခံစားမိစေမှာပါ။
ဝက်သားတုတ်ထိုး
၀က်သားတုတ်ထိုးဟာလည်း မန္တလေးမြို့ရဲ့ အကောင်းဆုံးအစားအစာ စာရင်းထဲမှာ ပါ၀င်နေပါတယ်။ အရသာလေးလေးပင်ပင်ရှိလှပြီး အလွှာထူထူလှီးဖြတ်ထားတဲ့ ဝက်ရဲ့အစိတ်အပိုင်းအစုံအလင်ကို စားသုံးနိုင်မှာဖြစ်ပြီး မန္တလေးမြို့ရဲ့ ဝက်သားတုတ်ထိုး
နာမည်ကြီးထိပ်တန်းနေရာမှာနေရာယူနေတဲ့ဆိုင်တွေကတော့ ဦးလေးကြီးဝက်သားတုတ်ထိုး ၊ ဗိုက်ကလေးဝက်သားတုတ်ထိုး ၊ သိန်းနိုင် ဝက်သားပွဲပြင် တို့ပဲ ဖြစ်ပါတယ်။
မန္တလေးပေါက်စီ
မန္တလေး အသားပေါက်စီ နဲ့ ပဲပေါက်စီကလည်း ခရီးသွားတွေအတွက် မလွတ်တမ်း မြည်းစမ်းသင့်တဲ့ အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။
မန္တလေးထမင်းပေါင်း
ဆော့အနီနဲ့ထမင်းလေးရယ် ၊ နံကင်ကြွပ်ကြွပ်ရယ်၊ ဝက်အူချောင်းရယ် ၊ ကြက်ဥလေးခြမ်းပြီး ထည့်ထားရင် ဒါ မန္တလေး ထမင်းပေါင်းပါ။ ဖက်စား ဖို့ ဝက်ခေါင်းသုပ်လေးနဲ့ဆို ရှယ်ပါပဲ။ ကြည့်ရတာ လွယ်တယ်လို့ထင်ရပေမယ့် ရန်ကုန်မှာ မန္တလေးထမင်းပေါင်းရတဲ့ ဆိုင်ရှားပြီး မန္တလေးထမင်းပေါင်းဆိုင်တွေမှာပဲ မန္တလေးထမင်းပေါင်းစစ်စစ်အရသာရတတ်ပါတယ်။
မန္တလေးရောက်လို့ မန္တလေးထမင်းပေါင်းမြည်းစမ်းစားကြည့်ချင်တယ်ဆိုရင်တော့ မင်ဟိန်း (မြောက်ဘက်ဆိုင်) ၊ ရုံစိန် (တောင်ဘက်ဆိုင်) ၊ တိုင်းကျော် ၊ နေခြည်တို့မှာ မန္တလေးလက်ရာစစ်စစ်ကို စားနိုင်ပါတယ်။
ကဲ ပရိသတ်ကြီးရေ မန္တလေးမြို့တစ်ခွင် အတန်ဆုံးအစားအစာတွေနဲ့ လည်ပတ်စားသောက်ဖို့ ဖော်ပြပြီးခဲ့ပြီဆိုတော့ အခြားအထင်ကရစားစရာတွေရှိရင်လည်း ပြောပြပေးသွားပါဦးနော်
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။