မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ဟာ ၎င်းရဲ့ချန်ပီယံလိဂ်အိပ်မက်ကို အိုးထရက်ဖို့ဒ်မှာ ဖြည့်ဆည်းဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂါနေ့ညမှာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အလက်ဆစ်ဆန်းချက်ဇ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ချင်တဲ့အိပ်မက်ကို ပြောပြခဲ့တာဖြစ်ပါတယ်။
ဆန်းချက်ဇ်ဟာ ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို လက်မတင်လေးလွဲချော်ခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ ၂၀၁၀-၂၀၁၁ ရာသီအပြီးမှာ အူဒီးနီးစ်အသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ဘာစီလိုုနာ ချန်ပီယံလိဂ်ဖလားထပ်မံရရှိမယ့် ၂၀၁၅ ခုနှစ်မှာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အာဆင်နယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပုံစံကောင်းရရှိဖို့ ရုန်းကန်နေရတဲ့ ဆန်းချက်ဇ်က အိုးထရက်ဖို့ဒ်မှာ ၎င်းရဲ့အိပ်မက်တွေ ပြည့်ဝအောင်ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချထားကြောင်း ပြောကြားခဲ့ပါတယ်။
“ချန်ပီယံလိဂ်ဖလား ဘောလုံးသမားတိုင်းရဲ့အိပ်မက်ပါ”
“ဘာစီလိုနာမှာတုန်းက အဲဒီအိပ်မက်နဲ့ ကျွန်တော် နေထိုင်ခဲ့တယ်။ အဲဒါက ဘယ်လိုလဲဆိုတာ မြင်တွေ့ခဲ့တယ်။ အဲဒီဖလားကို တစ်နေ့မှာ ကျွန်တော် ကိုင်မြှောက်နိုင်မယ်လို့ မျှော်လင့်မိတယ်။ ဘာလို့ ဒီနေရာမှာမဖြစ်နိုင်ရမှာလဲ”
“ကျွန်တော်တို့ အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးပြီဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံရမှာပါ။ အဲဒီပွဲစဉ်က ကြီးမားတဲ့စမ်းသပ်မှုပါ။ ဒါပေမယ့် မိနစ် ၁၈၀ ရှိတဲ့ ဘောလုံးပွဲမှာ ဘာမဆိုဖြစ်ပျက်နိုင်ပါတယ်”
“ယူနိုက်တက်ဟာ သမိုင်းကြောင်းတွေအများကြီးရှိတဲ့အသင်းဖြစ်ပြီး ပြိုင်ဘက်တိုင်းကို အနိုင်ယူစွမ်းရှိတဲ့အသင်းပါ”
“ကျွန်တော် အိုးထရက်ဖို့ဒ်မှာ အနိုင်ရရှိပြီး ဂိုးမပေးရဘူးဆိုရင် ဒုတိယအကျော့မှာ ကျွန်တော်တို့ နောက်တဆင့်တက်ဖို့ ပိုပြီး ရေပန်းစားလိမ့်မယ်လို့ ထင်ပါတယ်”
“ကျွန်တော်တို့ လုပ်နိုင်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ယူနိုက်တက်အသင်းက ပဲရစ်မှာ ဂိုးသွင်းဖို့အတွက် အခွင့်အရေးတွေအများကြီးရှိနေတယ်လို့ ကျွန်တော် မြင်ပါတယ်”လို့ Mirror ကို ပြောကြားခဲ့ပါတယ်။
Share