မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာတစ်ယောက် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ပြန်လည်ထွက်ပေါ်လာပြန်ပါပြီ။ The Sun ရဲ့ဖော်ပြချက်အရ မန်ယူသာ အဆင့် ၄ နေရာအတွင်း မဝင်နိုင်ခဲ့ဘူးဆိုရင် ပေါ့ဂ်ဘာက ဂျုဗင်တပ်ကိုပြောင်းတော့မယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တိုင်း အမြဲတမ်းလှုပ်ခတ်ခဲ့တဲ့ သတင်းကတော့ ပေါ့ဂ်ဘာအသင်းပြောင်းတော့မယ်ဆိုတဲ့သတင်းပါ။ အခုလည်း ပေါ့ဂ်ဘာတစ်ယောက် မန်ယူက ထွက်ခွာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြန်ပါပြီ။ မော်ရင်ဟိုနည်းပြအဖြစ်ရှိနေစဉ်က အသင်းပြောင်းမယ်ဆိုပြီး အတော်လေးကို သတင်းထွက်ခဲ့ပေမယ့် နည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ ခြေစွမ်းပြန်ပြနေနိုင်သလို အသင်းပြောင်းမယ်ဆိုတဲ့အသံ အတော်လေးတိတ်ဆိတ်ခဲ့တာပါ။ အခုတော့ ပေါ့ဂ်ဘာပုံပြင်က ပြန်စလာပြန်ပါပြီ။
အင်္ဂလန်မီဒီယာ The Sun ရဲ့ဖော်ပြချက်အရ ပေါ့ဂ်ဘာဟာ မန်ယူအသင်းချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်ခဲ့မယ်ဆိုရင် ပေါ့ဂ်ဘာအနေနဲ့ နည်းပြဆိုးလ်ရှားကို အသင်းကနေထွက်ခွာခွင့်တောင်းလာနိုင်တယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာကို အသင်းဟောင်း ဂျုဗင်တပ်အသင်းကလည်း ပြန်လည်ခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ The Sun ကဖော်ပြထားပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ မန်ယူရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို လက်ရှိအချိန်အထိ လက်ခံခြင်းမရှိသေးပဲ ရာသီကုန် အသင်းအခြေအနေကို စောင့်ကြည့်နေပါတယ်။
ပေါ့ဂ်ဘာဟာ ဂျုဗင်တပ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေးပေါင် ၈၉သန်းနဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံခဲ့ရသူပါ။ ပေါ့ဂ်ဘာဟာ ဂျုဗင်တပ်အသင်းမှာ ၂၀၁၂ ဘောလုံးရာသီမှစပြီး လေးရာသီကျော်ဖြတ်ခဲ့ဖူးကာ စီးရီးအေချန်ပီယံ လေးကြိမ်အပါအဝင် အဓိက ဆုဖလား ရှစ်ခုအထိရယူနိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူနည်းပြသစ် ဆိုးလ်ရှားလက်ထက်မှာ အသင်းအတွက် သွင်းဂိုးခြောက်ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။