အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဟာရဲရားအတွက် ပီအက်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီး ဟာရဲရားကို နွေရာသီပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
ဟာရဲရားဟာ ယခုရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်သူဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်ပါတယ်။ ဟာရဲရားကို ပီအက်စ်ဂျီအသင်းက တစ်ပတ်လုပ်ခပေါင် ၁ သိန်းခွဲနဲ့ ကမ်းလှမ်းထားပြီးဖြစ်တယ်လို့ သိရပြီး အာဆင်နယ်အသင်းကပါ စိတ်ဝင်စားလာတာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာရဲရားဟာ လာမယ့်ရာသီကို ဘယ်နေရာမှာကစားမလဲဆိုတာကို ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း ပြောကြားထားပြီး Daily Mail ရဲ့သတင်းအရ အာဆင်နယ်အသင်းဟာ ဟာရဲရားကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီဟာ ယခုနွေရာသီမှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားပြီးဖြစ်တဲ့ ကွင်းလယ်ကြယ်ပွင့် အာရွန်ရမ်ဆေးကြောင့် ကွင်းလယ်ကစားသမားတစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ဟာရဲရားဟာ ၎င်းလက်ရှိရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၈ သောင်းထက် ၂ ဆခန့် ရရှိဖို့ မျှော်လင့်နေပြီး ပီအက်စ်ဂျီအသင်းက ဟာရဲရားလိုချင်တဲ့လစာပမာဏအတိုင်း ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားပေမယ့် ဟာရဲရားက ပရီးမီးယားလိဂ်မှာသာ ဆက်ရှိလိုနေတယ်လို့ သိရပါတယ်။